ရှေ့သို့
Image

ဂရင်းဝုဒ်ကို အသင်းမှာ နောက်ထပ်တစ်နှစ်ဆက်လက် ထားရှိချင်နေတဲ့ ဂီတာဖေး

2:10 PM, 28 April

ဂီတာဖေးဟာ မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား မေဆင်ဂရင်းဝုဒ်ကို အသင်းမှာ နောက်ထပ်တစ်နှစ် ဆက်လက်ထားရှိလိုတယ်လို့ ထုတ်ပြန်ပြောကြားလာခဲ့ပါတယ်။

အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ စပိန်မြေမှာ တောက်ပတဲ့ခြေစွမ်းတွေ ပြသထားနိုင်တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ယခုအခါမှာ ဂျူဗင်တပ်စ်ကလည်း အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်လိုနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း ဂရင်းဝုဒ်ဟာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဂီတာဖေးရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ဂရင်းဝုဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဂီတာဖေးအကြီးအကဲ ဘော်ဒါလက်စ်က “ကျွန်တော်တို့ ဒီအကြောင်း မပြောဖြစ်သေးပါဘူး။ သူက အခြားကလပ်က အငှားကစားသမားတွေနဲ့ အခြေအနေအတူတူပါပဲ။ ရာသီကုန်မှာတော့ သူ့အနေနဲ့ အသင်းမှာ နောက်ထပ်တစ်နှစ် ဆက်လက်ကျန်ရှိမလား မရှိဘူးလားဆိုတာ ဆွေးနွေးသွားမှာပါ။ ကျွန်တော်တို့ကတော့ သူ့ကိုအသင်းမှာ ဆက်ထားချင်ပြီး ကျန်တာကတော့ သူ့အသင်းနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ ဂီတာဖေးအတွက် အဓိက ကစားသမားအဖြစ် နေရာရထားပြီး သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ အများအပြားပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ နောက်ဆုံးရာသီမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီဂီတာဖေးမှာတော့ ပြိုင်ပွဲစုံမှာ ၁၄ ဂိုးအထိ ပါဝင်ပတ်သက်ထားနိုင်တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ ဂရင်းဝုဒ်ကို အက်သလက်တီကိုမက်ဒရစ်ကလည်း ပစ်မှတ်ထားစောင့်ကြည့်နေတာကြောင့် ရာသီကုန် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာတော့ ဘာတွေဖြစ်လာမလဲစောင့်ကြည့်သွာရဦးမှာဖြစ်ပါတယ်။

#လာလီဂါ #ဂီတာဖေး #ဂရင်းဝုဒ်