ရှေ့သို့
Image

ပရီးမီးယားလိဂ်ဖလားရဖို့ ဘာမဆိုလုပ်သွားမယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ ရိုဒရီ

2:20 PM, 28 April

မန်ချက်စတာစီးတီးကွင်းလယ်လူ ရိုဒရီက သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ဘာမဆိုပြုလုပ်သွားမှာဖြစ်ပြီး ၄ နှစ်ဆက်ဆိုတဲ့ စံချိန်အတွက် အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

၂၀၂၂-၂၃ ခုနှစ် ဘောလုံးရာသီမှာ မန်စီးတီးရဲ့ သမိုင်းဝင်ဖလား ၃ လုံးအောင်မြင်မှုအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ပတ်သက်ပြီး ရိုဒီရီ “ဒီရုပ်ရှင်ကို အတူတကွ ဆိုတဲ့ခေါင်းစဉ်ပေးထားတာ အဓိပ္ပါယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အမြဲတမ်း အတူတကွရှိနေကြလို့ပါ။ ကျွန်တော်တို့ရဲ့အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ဝန်ထမ်းတွေက အားလုံးအတူတူရှိနေကြပြီးတူညီတဲ့ ရည်မှန်းချက်အတွက် တိုက်ပွဲဝင်နေကြတာပါ။ အသင်းရဲ့ကစားသမားတွေက ရာသီတိုင်းမှာ အံ့မခန်းစွမ်းဆောင်ရည်တွေပြသထားနိုင်ပြီး ဒီအတွက်လည်း အရမ်းဂုဏ်ယူပါတယ်”

“ကျွန်တော်တို့မှာ အရာအားလုံးကို တိုက်ခိုက်ဖို့အတွက် စိတ်ဓာတ်ခွန်အားရှိပါတယ်။ ပွဲစဉ်တိုင်းကို အနိုင်ရဖို့နဲ့ ရပ်တန့်မသွားဖို့လည်း ကြိုးစားလိုစိတ်ရှိပါတယ်။ ကျွန်တော်တို့က တစ်ယောက်အတွက်တစ်ယောက်ရှိနေကြပြီး အကုန်လုံးက အဖွဲ့ထဲမှာ ပါဝင်နေကြပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖလား ၃ လုံးရခဲ့လို့ အရမ်းဂုဏ်ယူပါတယ်။ ၅ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ၄ ကြိမ်အထိရခဲ့တာပါ။ ပြီးတော့စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖလားတွေထပ်လိုချင်ပါသေးတယ်” “ပရိသတ်တွေနဲ့အတူ ဆုဖလားကိုင်မြှောက်ရတဲ့အရသာက အရမ်းကောင်းပြီးတော့ ကျွန်တော်တို့ ဒီလိုမျိုး ထပ်ခါ ထပ်ခါ လုပ်ချင်ပါတယ်။ ကျွန်တော်တို့က အောင်မြင်မှုရဲ့အရသာကို ခံယူထားနိုင်ခဲ့ပါပြီ။ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းမှ အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက်မရဖူးလို့ ဒီနှစ်မှာ ကျွန်တော်တို့ရခဲ့ရင်တော့ သမိုင်းဝင်ဖြစ်လာမှာပါ။ ရာသီမကုန်ခင်အထိ ကျွန်တော်တို့မှာရှိသမျှအင်အားကို ထုတ်သုံးပြီး ဒီဖလားကို ဆွတ်ခူးနိုင်ဖို့ ဘာမဆိုစွမ်းဆောင်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ မန်စီးတီးရဲ့ အနီးကပ်ဆုံးပြိုင်ဘက် အာဆင်နယ်က ခက်ခဲတဲ့ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်သော်လည်း ပက်ဂွါဒီယိုလာရဲ့အသင်းကတော့ လွယ်ကူတဲ့ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ကစားရမှာဖြစ်တာကြောင့် အနိုင် ၃ မှတ်ရယူနိုင်ဖို့ အခွင့်အရေးများနေပါတယ်။

#မန်စီးတီး #ရိုဒရီ #ပရီးမီးယားလိဂ်