ရှေ့သို့
Image

ဟွိုက်လန်းနဲ့ မိုင်နူးတို့ကို လူစားလဲခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုလာတဲ့ တန်ဟက်

2:27 PM, 28 April

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက ဘန်လေကို ၁-၁ နဲ့သရေကျတဲ့ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကိုဘီမိုင်နူးနဲ့ ဟွိုက်လန်းတို့ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အဆိုပါကစားသမား ၂ ဦးဟာ ဂိုးမရှိသရေကျတဲ့ ၆၅ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး သူတို့အစား အာမက်ဒီယာလိုနဲ့ စကော့မက်တိုမီနေးတို့က ဝင်ရောက်ကစားခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ အဆိုပါတန်ဟက်ရဲ့ဆုံးဖြတ်ချက်ကို သဘောကျခြင်းမရှိဘဲ ငြီးတွားမှုတွေကို ကျယ်ကျယ်လောင်လောင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လူစားလဲပြီးသိပ်မကြာခင်မှာ ဦးဆောင်ဂိုးရခဲ့တာကြောင့် တန်ဟက်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ ယူဆရသော်လည်း နောက်ပိုင်းမှာတော့ ပင်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တန်ဟက် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး “ဒါက အမှားအယွင်းမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့တာဝန်ကအသင်းကို စီမံခန့်ခွဲရမှာပါ။ ကျွန်တော် ဒီနေ့ပွဲမှာလည်း လုပ်သင့်တာကို လုပ်ခဲ့ပါတယ်။ နည်းဗျူဟာအရလည်း ကျွန်တော်တို့က ဘောလုံးကိုင်ထားနိုင်တဲ့ ကစားသမားမျိုးကိုလိုအပ်ခဲ့ပါတယ်။ ကွင်းလယ်မှာ အတွေ့အကြုံရင့်ကစားသမားတစ်ဦးကိုလည်း အသုံးပြုချင်ခဲ့လို့ပါ” “မိုင်နူးနဲ့ ဟွိုက်လန်းတို့က အရမ်းငယ်သေးတော့ သူတို့ကို လူစားလဲခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ လူစားလဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အလုပ်ဖြစ်တာကို မြင်ခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ အနိုင်ရဖို့လည်း နီးစပ်လာခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နယ်သာလန်သားက “ကျွန်တော်တို့ တစ်ပတ်အတွင်းမှာ ၃ ပွဲကစားခဲ့ရလို့ ကစားသမားတွေလည်း ပင်ပန်းနေပါပြီ။ ပြီးတော့ မိုင်နူးနဲ့ ဟွိုက်လန်းတို့ကိုကြံ့ခိုင်မှု ထိန်းထားနိုင်ဖို့လည်းလိုပါတယ်။ ဒါက သူတို့ ၂ ယောက်စလုံးအတွက် ပထမဆုံး ပရီးမီးယားလိဂ်ရာသီပါ။ သူတို့က ဒဏ်ရာလည်းမရစေချင်ပါဘူး။ ပရိသတ်တွေက သူတို့ကိုမြင်ချင်ပေမယ့် ကျွန်တော်ကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ် #ဟွိုက်လန်း #မိုင်နူး