ရှေ့သို့
Image

ချဲလ်ဆီးကို အပြောင်းအလဲတွေပြုလုပ်နိုင်ဖို့ အချိန်လိုအပ်တယ်လို့ ဝန်ခံလာတဲ့ ပိုချက်တီနို

1:47 PM, 3 May

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုက အသင်းကို အပြောင်းအလဲတွေပြုလုပ်နိုင်ဖို့ သူ့အနေနဲ့ အချိန်လိုအပ်တယ်လို့ ဝန်ခံခဲ့ပေမယ့် အသင်းမှာ ဆက်ရှိဖို့ မရှိဖို့က သူ့ရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်စီးတီး၊ ပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် အက်စတွန်ဗီလာကို သရေကျထားခဲ့တဲ့ ချဲလ်ဆီးဟာ ယနေ့နံနက်က လန်ဒန်ဒါဘီအဖြစ် ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာတော့ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ပြီး ၂-၀ နဲ့အနိုင်ရကာ အသင်းအတွက် ဂိုးတွေကို ချာလိုဘက်နဲ့ နီကိုးလက်စ်ဂျက်ဆန်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပိုချက်တီနိုက “ဒီနေ့ ကျွန်တော်တို့ အနိုင်ရခဲ့လို့ ပိုကောင်းအောင် ရှင်းပြနိုင်ပြီလို့ထင်ပါတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာ လုံလောက်တဲ့ အချိန်ရှိပါတယ်။ မန်နေဂျာတိုင်းက အချိန်လိုအပ်တယ်လို့ ထင်ပေမယ့် အသင်းမှာ ဆက်ရှိဖို့မရှိဖို့က ကျွန်တော့်ဆုံးဖြတ်ချက်အပေါ် မမူတည်ပါဘူး” “ချဲလ်ဆီးအသင်းရဲ့ သမိုင်းကြောင်းနဲ့ ကိုက်ညီဖို့ဆိုရင်တော့ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီး ကျန်ပါသေးတယ်။ ဒီလိုပုံစံနဲ့ တည်ဆောက်နိုင်ဖို့ အချိန်ရှိသလားဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ဒီနေ့နိုင်ပွဲအတွက်တော့ အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့အသင်းမှာ ကစားသမား ၂၅-၂၇ ယောက်ရှိပါတယ်။ နောက်ဆုံးနေ့အထိ သူတို့အတွက် အလုပ်လုပ်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာဂျင်တီးနားသားက “ဒီနေ့ပွဲက ကစားသမားတွေအတွက် အရမ်းကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ၁၀ လ ကြာပြီးတဲ့နောက်မှာတော့ အသင်းက ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ သိလာပါပြီ။ ဒီနေ့ ကျွန်တော်တို့ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်ကတော့ ချဲလ်ဆီးအနေနဲ့ လာမယ့်နွေရာသီမှာ ပိုချက်တီနိုကို ထုတ်ပယ်ပြီး နည်းပြအပြောင်းအလဲလုပ်တာက အမှားအယွင်းတစ်ခုဖြစ်လိမ့်မယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

နောက်ခံလူဟောင်းက “ပြီးခဲ့တဲ့ တစ်လလောက်က ပိုချက်တီနိုဟာ ဖိအားတွေအောက်မှာရောက်နေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ ဒီလိုကစားသမားတွေကို အရည်အသွေးမြင့်မြင့်နဲ့အုပ်ချုပ်မှုပေးနေတဲ့ နည်းပြကို အပြောင်းအလဲပြုလုပ်မယ်ဆိုရင် ရူးသွပ်ရာကျပါလိမ့်မယ်။ သူက အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးပါ။ ဒီရာသီမှာ သူ့အတွက် အတက်အကျတွေ အများကြီး ရှိပေမယ့် သူက တကယ်တော်တဲ့ နည်းပြတစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ်