ရှေ့သို့
Image

ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကစားသမားတွေအကုန်လုံးကို ရောင်းထုတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ကန်ကြောင်း ပြောကြားလာတဲ့ ဂယ်ရီနဗီးလ်

1:56 PM, 3 May

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အသင်းဟာ လာမယ့်နွေရာသီမှာ အပြောင်းအလဲတွေပြုလုပ်သွားမှာဖြစ်ပေမယ့် အသင်းရဲ့ကစားသမားတွေ အကုန်လုံးကို ရောင်းချသွားမယ်ဆိုတဲ့ သတင်းတွေကတော့ မဟုတ်မမှန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက်ဟာ ဘန်လေကို အိုးလ်ထရက်ဖို့ဒ်မှာ ၁-၁ နဲ့ သရေကျခဲ့ပြီးနောက်မှာတော့ ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က လုံးဝမဖြစ်နိုင်တော့ဘဲ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတာကြောင့် မန်နေဂျာအဲရစ်တန်ဟက်အနေနဲ့လည်း ဖိအားတွေများနေပြီး လာမယ့် နွေရာသီမှာ အသင်းကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အသင်းရဲ့တွဲဖက်ပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်တို့ဟာ ရာသီကုန်မှာ အသင်းကို ပြောင်းလဲမှုတွေ အများအပြားပြုလုပ်မယ့် အရိပ်အယောင်တွေပြသထားတာကြောင့် ယူနိုက်တက်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။  တယ်လီဂရပ်ရဲ့အဆိုအရ ယူနိုက်တက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့အတွက် ဟွိုက်လန်း၊ မိုင်နူးနဲ့ ဂါနာချိုတို့ကလွဲပြီး အသင်းရဲ့ကစားသမား အားလုံးကို အရောင်းစာရင်းတင်ထားတယ်လို့သိရပါတယ်။

ယခုအခါမှာတော့ အဆိုပါသတင်းတွေက မှန်ကန်မှုမရှိကြောင်းကို ဂယ်ရီနဗီးလ်က “ဒီသတင်းတွေက အမှန်မဟုတ်ပါဘူး။ မိုင်နူးကို မရောင်းဘူးဆိုတာကတော့ ဟုတ်တယ်လေ။ ဒါက ဖြစ်မှမဖြစ်နိုင်တာပဲ။ ပြီးတော့ ဟွိုက်လန်းလည်း အတူတူပါပဲ။ ယူနိုက်တက်က ပြောင်းလဲမှုတွေပြုလုပ်သွားမှာပါ။ အခု အသင်းရဲ့အခြေအနေက  ချဲလ်ဆီးလိုပဲ တည်ငြိမ်မှုမရှိသေးပါဘူး” “အသင်းရဲ့ ထိပ်ပိုင်းရာထူးတွေမှာ အပြောင်းအလဲတွေရှိနေသလို သူတို့ကလည်း နောက်ထပ်အပြောင်းအလဲတွေထပ်လုပ်ကြဦးမှာပါ။ ပြီးတော့ ကျွန်တော်တို့ အသင်းရဲ့ကစားသမားတွေကို နွေရာသီတိုင်းမှာ ရောင်းချကြပါတယ်။ အခုလို ခေါင်းကြီးပိုင်းသတင်းတွေကတော့ မှန်ကန်မှုမရှိပါဘူး။ ဒီအတွက်လည်း တာဝန်ယူစေချင်ပါတယ်။ သတင်းတစ်ခုကို တွေ့ရင်လည်း စစ်မှန်တဲ့ သတင်းရင်းမြစ်ကို ရှာဖွေကြဖို့ လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ်