ရှေ့သို့
Image

တော့တင်ဟမ်ကို အနိုင်ရခဲ့ပြီးနောက် ချဲလ်ဆီးကို ဆက်လက်ကိုင်တွယ်ဖို့က သူ့အပေါ် မူတည်မှု မရှိဘူးလို့ ပြောကြားလိုက်တဲ့ ပိုချက်တီနို

2:20 PM, 3 May

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုက ယနေ့နံနက် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တော့တင်ဟမ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အသင်းမှာ ဆက်ရှိဖို့မရှိဖို့က သူ့ဆုံးဖြတ်ချက်အပေါ် မူတည်မှုမရှိဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အက်ဖ်အေဖလား ပြိုင်ပွဲမှာ မန်စီးတီး၊ ပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် အက်စတွန်ဗီလာကို သရေကျထားခဲ့တဲ့ ချဲလ်ဆီးဟာ ယနေ့နံနက်က လန်ဒန်ဒါဘီအဖြစ် ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာတော့ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ပြီး ၂-၀ နဲ့ အနိုင်ရကာ အသင်းအတွက် ဂိုးတွေကို ချာလိုဘက်နဲ့ နီကိုးလက်စ်ဂျက်ဆန်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယခုနိုင်ပွဲဟာ ချဲလ်ဆီးရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲအတွင်း ဒုတိယမြောက်နိုင်ပွဲဖြစ်ခဲ့တာကြောင့် ပိုချက်တီနိုအနေနဲ့ ဖိအားတွေအောက်ကနေ အနည်းငယ်ရုန်းထနိုင်ခဲ့ပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ယခုပွဲစဉ်မှာ ဂိုးမပေးခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ နောက်ဆုံးပွဲစဉ် ၁၈ ပွဲအတွင်း ဒုတိယမြောက် ဂိုးမပေးရတဲ့ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပိုချက်တီနိုက “မန်နေဂျာတိုင်းက သူတို့ရဲ့ ဘောလုံးကျွမ်းကျင်မှုကို အသင်းတစ်သင်းပေါ်မှာ ဘယ်လို အသုံးချရမလဲဆိုတာ ဘာသာပြန်ဖို့ အချိန်လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ လုံလောက်တာကတော့ လုံလောက်ပါတယ်။ အသင်းမှာ ဆက်ရှိဖို့မရှိဖို့ကတော့ ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းရဲ့ သမိုင်းကြောင်းနဲ့ ကိုက်ညီဖို့ဆိုရင်တော့ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီး ကျန်ပါသေးတယ်။ ဒီလိုပုံစံနဲ့ တည်ဆောက်နိုင်ဖို့ အချိန်ရှိသလားဆိုတာ စောင့်ကြည့်ရဦးမှာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးမှာ အနာဂတ် မသေချာသေးတဲ့ ပိုချက်တီနိုအနေနဲ့ ကျန်ရှိတဲ့ နောက်ဆုံးပွဲစဉ် ၄ ပွဲမှာ အကောင်းဆုံး ရလဒ်တွေ ရရှိဖို့ ကြိုးစားသွားရမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #ပိုချက်တီနို #ပရီးမီးယားလိဂ် #နီကိုးလက်စ်ဂျက်ဆန်