ရှေ့သို့
Image

ဟာလန်းရဲ့သွင်းဂိုးက ရော်နယ်ဒိုနဲ့ ဆင်တူတယ်လို့ ကာရေဂါ ပြောကြား

8:38 AM, 6 May

စနေနေ့က ဝုဗ်အသင်းကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းရဲ့သွင်းဂိုးတွေထဲမှာ တစ်ဂိုးဟာ ရော်နယ်ဒို သွင်းခဲ့တုန်းကနဲ့ ဆင်တူတယ်လို့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ပြောကြားလိုက်ပါတယ်။

ဝုဗ်အသင်းစတား အစ်နိုရီက ဂါဗာဒီအိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရရှိလာတဲ့ပင်နယ်တီကို ဟာလန်းက ပွဲကစားချိန် ၁၂ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယဂိုးကို ရိုဒရီရဲ့ပေးပို့မှုကနေ ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ဟာလန်းတစ်ယောက် ဟက်ထရစ်ရစေမယ့်ဂိုးကို ပထမပိုင်းမပြီးခင်မှာ ဆီမီဒိုပြစ်ဒဏ်ကျူးလွန်တာကနေ ရရှိလာတာကို အဆုံးသတ်ခဲ့ပါတယ်။

ရက်ပ်နက်က ဟာလန်းကို နော်ဝေဆယ်လ်မွန်လို့ တင်စားခဲ့သလို ကာရေဂါကလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ “ဝုဗ်က တော်တော်လေးစုစည်းမှုမရှိခဲ့တာပါ။ ရိုဒရီရဲ့ပေးပို့မှုက ကောင်းခဲ့သလို ဟာလန်းရဲ့ အဆုံးသတ်ကလည်း တကယ်ကောင်းခဲ့ပါတယ်။ ဟာလန်းရဲ့ဒုတိယဂိုးက ရော်နယ်ဒိုသွင်းခဲ့တာနဲ့ ဆင်တူပါတယ်”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအယ်လ်နာဆာအသင်းမှာ ကစားနေတာဖြစ်ပြီး ၂၀၂၂ တုန်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပါတယ်။ ပေါ်တူဂီသားဟာ မော်ဂန်နဲ့ အင်တာဗျူးမှာ တန်ဟက်၊ ဘုတ်အဖွဲ့နဲ့ အသင်းရဲ့အဆင့်အတန်းကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အသင်းနဲ့လမ်းခွဲခဲ့တာဖြစ်ပြီး အသက် ၃၉ နှစ်သားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဟာလန်းကတော့ လက်ရှိပရီးမီးယားလိဂ်ရဲ့သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး ဝုဗ်နဲ့ပွဲက စူပါဟက်ထရစ်ကြောင့် ၂၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ စီးတီးဟာ ဝုဗ်အသင်းကို ၅-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အယ်လ်ဗာရက်ဇ်က ၅ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။

“ဒီရာသီ ၂၅ ဂိုးဆိုတာက အရမ်းမဆိုးပါဘူး။ အဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဆက်သွားရပါမယ်။ ကျွန်တော်နေ့တိုင်း တိုးတက်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်မှာ ပြဿနာအချို့ရှိနေပါတယ်။ ဒါပေမယ့် အဲ့တာကို အာရုံစိုက်နေမှာ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့အရာတွေကိုပဲ အာရုံစိုက်ပါတယ်”လို့ ဟာလန်းက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဝုဗ် #ဟာလန်း #ကာရေဂါ #ပရီးမီးယားလိဂ်