ရှေ့သို့
Image

ဒေါ့မွန်နဲ့ ပွဲစဉ်မှာ အမ်ဘာပေကို အသုံးပြုမယ့် နည်းစနစ်အကြောင်း ရှင်းပြလာတဲ့ လူးဝစ်အင်းနရစ်

11:42 AM, 7 May

ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က ဒီနေ့ညပိုင်း၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်မှာ အမ်ဘာပေကို အဓိကအသုံးပြုမယ့် နည်းစနစ်အကြောင်း ထုတ်ဖော်ပြောပြလိုက်ပါတယ်။

ကမ္ဘာ့အဆင့်ကြယ်ပွင့် ကစားသမားတွေတောင် အသင်းရဲ့ခံစစ်ပိုင်းကို ကူညီပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ ဆိုရိုးတစ်ခုရှိပေမယ့် အင်းနရစ်ကတော့ သူတို့အသင်း ဘောလုံးပိုင်ဆိုင်မှုရရှိထားချိန် အမ်ဘာပေကို အသင်းရဲ့တိုက်စစ်မြှားဦးနေရာမှာ ရှိနေစေချင်တယ်လို့ ရှင်းပြပါတယ်။ ဒါက ပြိုင်ဘက်ဒေါ့မွန်ကို ထိခိုက်မှုများပြားစေရန် အမ်ဘာပေရဲ့စွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ အသုံးချဖို့ ရည်ရွယ်ထားတာကြောင့် ဖြစ်ပါတယ်။

ဂျာမန်မြေပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်က အမ်ဘာပေကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အကျိုးဆက်အဖြစ် ပီအက်စ်ဂျီ အဓိကတိုက်စစ်မှူးထံမှ အကျိုးသက်ရောက်မှု အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရပါတယ်။ အမ်ဘာပေရဲ့ကန်ချက်တစ်ကြိမ် ဂိုးတိုင်ထိမှန်ခဲ့ရပေမယ့် ပြင်သစ်ကြယ်ပွင့်ဟာ အသင်းရဲ့တောင်ပံနေရာတွေမှာသာ ပိတ်မိနေခဲ့ပြီး ဘောလုံးလက်ခံရရှိဖို့ အသင်းကွင်းဘက်ခြမ်းအထိ လိုက်ပါကစားခဲ့ရပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အင်းနရစ်က “တိုက်စစ်မှူးတွေ ဘောလုံးလက်ခံရရှိဖို့ ကွင်းလယ်အထိ ဆင်းလာတာမျိုး ကျွန်တော်မလိုချင်ပါဘူး။ အဓိကကျတဲ့ဧရိယာတွေမှာပဲ တိုက်စစ်မှူးတွေ ဘောလုံးလက်ခံရရှိဖို့ ကျွန်တော်လိုလားပြီး ဒါက လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ ခင်ဗျားတို့တွေ အမ်ဘာပေအကြောင်း ပြောစေချင်ကြတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အမ်ဘာပေအကြောင်း ပြောနေရခြင်းနဲ့ အသားကျနေပါပြီ။ ရည်ရွယ်ချက်တစ်ခုအဖြစ် ကျွန်တော်တို့တွေက ကိုယ့်ရဲ့အကောင်းဆုံးကစားသမားတွေကို ရှာဖွေချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေကလည်း သူ့ကို ပယ်နယ်တီအမှတ်အသားနားမှာ လွှတ်မပေးထားချင်ကြပါဘူး။ အမ်ဘာပေ ကွင်းလယ်အထိဆင်းပြီး ဘောလုံးလက်ခံစေဖို့ပဲ ပြိုင်ဘက်တွေ လိုလားကြပါတယ်။ ကျွန်တော်ကတော့ ပြိုင်ဘက်အတွက် အန္တရာယ်ရှိစေမယ့် ဧရိယာတွေမှာပဲ သူ့ကို ဘောလုံးလက်ခံရယူစေချင်ပါတယ်”လို့ ပြောပါတယ်။

အခုရာသီ၊ ပြင်သစ်လီဂူးဝမ်း ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ပြီဖြစ်တဲ့ ပီအက်စ်ဂျီက အသင်းသမိုင်းတလျှောက် ဒုတိယမြောက်ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ဖို့ အာရုံစိုက်ကြိုးစားသွားပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေက ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်ကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ထားပါတယ်။

ပီအက်စ်ဂျီ အနေဖြင့် ဒေါ့မွန်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ရာသီကုန်ကာလရက်သတ္တပတ်တစ်ခုအတွင်း ဗိုလ်လုပွဲနှစ်ခုအဖြစ် ဝင်ဘာလေကွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်ခင် ခုနစ်ရက်အလို မေ ၂၅ ရက်မှာ လိုင်ယွန်နဲ့ ပြင်သစ်ရှုံးထွက်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားရပါလိမ့်မယ်။

#ဒေါ့မွန် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #အင်းနရစ် #အမ်ဘာပေ