ရှေ့သို့
Image

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာရမှုအပေါ် မှတ်ချက်ပေးတုံ့ပြန်လာတဲ့ ပီအက်စ်ဂျီစတား အမ်ဘာပေ

12:38 PM, 8 May

ဒေါ့မွန်နဲ့ ရင်ဆိုင်ရချိန် ချန်ပီယံလိဂ်ပြိုင်ပွဲမှ စိတ်ပျက်ဖွယ်ထွက်ခွာလာရပြီးနောက် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက သတင်းမီဒီယာတွေနဲ့တွေ့ဆုံကာ စကားပြောဆိုခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ပါရီမြေမှာကစားရတဲ့ ဆီမီးဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ဂိုးကန်သွင်းမှု လေးကြိမ်တိုင် ဂိုးတိုင်ထိထွက်ခဲ့ပေမယ့် ပါရီသားတွေဟာ သူရဲကောင်းဆန်တဲ့ဒေါ့မွန်ကို ကျော်ဖြတ်နိုင်ရေး နည်းလမ်းရှာမတွေ့ခဲ့ပါဘူး။ တဖက်မှာ ဘွန်ဒက်စ်လီဂါကလပ်က ဒုတိယပိုင်းအစ ငါးမိနစ်မှာ ဟမ်းမဲလ်ရဲ့သွင်းဂိုးနဲ့ ဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိရေး သေချာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အခုနွေရာသီ၊ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အလားအလာရှိနေမှုနဲ့အတူ အမ်ဘာပေမှာ ပီအက်စ်ဂျီကို သမိုင်းဝင်ချန်ပီယံလိဂ်ဖလား အောင်မြင်မှုဆီ အရောက်ခေါ်ဆောင်သွားဖို့ တာဝန်နဲ့ မျှော်လင့်ချက်တစ်ခု ရှိခဲ့ပါတယ်။ ဒါပေမယ့် အမ်ဘာပေရော၊ သူ့ကလပ်အသင်းပါ လမ်းခုလတ်မှာပဲ နောက်တစ်ကြိမ်ကျဆုံးခဲ့ရပြန်ပါတယ်။

ပွဲစဉ်အပြီး ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားက ဆင်ခြေဆင်လက်တွေ မပေးတော့ဘဲ သူ့အသင်းရဲ့ ဂိုးပေါက်ရှေ့ထိရောက်နိုင်စွမ်းကင်းမဲ့မှုကိုပဲ ထောက်ပြပြောဆိုလာပါတယ်။

“ကျွန်တော်တို့ ဂိုးသွင်းရပါမယ်။ ဂိုးသွင်းနိုင်ဖို့ အခွင့်အလမ်းတွေလည်း ရရှိခဲ့ပါတယ်။ ဒီအခွင့်အလမ်းတွေကို အသုံးမချနိုင်ချိန်၊ နှစ်ဖက်ဂိုးဧရိယာထဲမှာ ထိရောက်နိုင်စွမ်းကင်းမဲ့နေချိန်မျိုးမှာဆိုရင် နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ဆိုတာ အရမ်းခက်ခဲသွားပါတယ်။ ဒါက ကျွန်တော်တို့တွေ ဖြစ်ကတက်ဆန်း လုပ်ပစ်လိုက်တယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒီအသင်းက အရာရာတိုင်းကို ပေးဆပ်ပြီး ပရိသတ်တွေဂုဏ်ယူနိုင်အောင် ကြိုးစားပေးခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ တိုးတက်လာအောင် ဆက်လုပ်သွားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေအတွက် ပြင်သစ်ရှုံးထွက်ဖလားဗိုလ်လုပွဲကျန်ရှိနေသေးလို့ ဖြစ်ပါတယ်”

ပြင်သစ်ရှုံးထွက်ဖလားကလည်း “အရေးပါတဲ့ ရည်မှန်းချက်တစ်ခုဖြစ်လို့ ဘောလုံးရာသီကို ဒီနေရာမှာပဲ မရပ်တန့်ပစ်ချင်ပါဘူး။ ဒေါ့မွန်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့သလား ကျွန်တော်လည်း မသိပေမယ့် ပြိုင်ဘက်ကို နှိမ့်ချနေစရာ မလိုပါဘူး။ ကျွန်တော့်ရဲ့မာန်မာနမပါ၊ နှိမ့်ချတဲ့အမြင်အရဆိုရင်တော့ သူတို့တွေ ကျွန်တော်တို့ထက် နှစ်ဖက်ဂိုးဧရိယာထဲမှာ ပိုကောင်းခဲ့ပါတယ်။ လူတိုင်းလည်း ဒါကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ကြပါလိမ့်မယ်။ ဒါပေမယ့် အမှန်တရားကတော့ သူတို့တွေ ကျွန်တော်တို့ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ တိုက်စစ်ဆင်ဂိုးသွင်းယူခဲ့ပေမယ့် ကျွန်တော်တို့ကတော့ သူတို့ခံစစ်ပိုင်းဆီ အကြိမ်ကြိမ်ဝင်ရောက်ခဲ့ကာ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။ ဒီအချက်ကို ငြင်းဆန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကံဆိုးတဲ့အကြောင်း ပြောနေရတာမျိုး ကျွန်တော်မကြိုက်ပါဘူး။ တကယ်သာ ခြေစွမ်းကောင်းနေမယ်ဆိုရင် ဘောလုံးက ဂိုးတိုင်မထိဘဲ ဂိုးထဲဆီ ဝင်ရောက်သွားပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က တိုက်စစ်ပိုင်းဧရိယာတွေမှာ ကျွန်တော်တို့မျှော်လင့်ထားသလောက် လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး”လို့ အမ်ဘာပေက ပြောပါတယ်။

အမ်ဘာပေက ဆီမီးဖိုင်နယ်နှစ်ကျော့လုံးမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒေါ့မွန်ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပြင်သစ်သားအတွက် အခုပွဲစဉ်က ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့ခင် ပါရီအခြေစိုက်ကလပ်အတွက် နောက်ဆုံးဥရောပပွဲစဉ်ဖြစ်လာဖွယ် ရှိနေပါတယ်။

“ကျွန်တော်ကိုယ်တိုင်လည်း တက်နိုင်သလောက် အသင်းကိုကူညီပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မလုံလောက်ခဲ့ပါဘူး။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ထိရောက်မှုအကြောင်း ပြောကြကြေးဆိုရင် ကျွန်တော်က ဦးဆုံးသက်ဆိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အဆုံးအဖြတ်ဖြစ်စေမယ့် သွင်းဂိုးတွေကို သွင်းယူချင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ ဒါတွေဖြစ်လာချိန်မှာ ကျွန်တော့်ဆီ အသိအမှတ်ပြုမှုတွေ ရောက်ရှိလာပါတယ်။ ဖြစ်မလာချိန်မှာတော့ ကျွန်တော့်ကို ဝေဖန်သွားရပါမယ်။ ဒီအတွက် ဘာပြဿနာမှ မရှိပါဘူး။ ဒီညအတွက် ဂိုးသွင်းယူဖို့ ပထမဆုံးတာဝန်ရှိသူက ကျွန်တော်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဝဆိုတာ ဒီလိုပါပဲ။ ကျွန်တော်ရော၊ အသင်းကိုယ်တိုင်ပါ ဒီလိုအရာတွေကို ကျော်ဖြတ်သွားနိုင်ရပါမယ်။ ဒီဘောလုံးရာသီအကြောင်း အကျဉ်းချုပ်ပြီး ပြောရရင် ကျွန်တော်တို့အသင်းမှာ လူငယ်ကစားသမားလေးတွေနဲ့အတူ စီမံကိန်းအသစ်တစ်ခုရှိတယ်ဆိုတဲ့အချက်က တွက်ကြည့်လိုက်မယ်ဆိုရင် သိပ်မဆိုးရွားလှဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့တွေ ပီအက်စ်ဂျီအတွက် အစဉ်အမြဲ နိုင်ပွဲတွေ ရယူပေးချင်ပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပြင်သစ်ရှုံးထွက်ဖလားကို အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ ပြီးရင်တော့ စောင့်ကြည့်သွားရပါမယ်။ ဒီနေ့ကတော့ ရာသီအဆုံးသတ်ရမယ့် အချိန်မဟုတ်သေးပါဘူး”လို့ အမ်ဘာပေက ဆက်ပြောခဲ့ပါတယ်။

လူးဝစ်အင်းနရစ်ရဲ့အသင်းအတွက် နောက်ထပ်စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုပါ။ သူတို့တွေ မျှော်လင့်ချက်အိပ်မက်ဆီ အနီးကပ်ဆုံးအထိ ချဉ်းကပ်နိုင်ခဲ့ပေမယ့် နောက်တစ်ကြိမ်ကျရှုံးခဲ့ရပါတယ်။

#ဒေါ့မွန် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #အမ်ဘာပေ