ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူရန် ဘာလိုအပ်သလဲဆိုတာ ကစားသမားတွေဆီ ပြောပြထားတဲ့ တူချယ်

3:11 PM, 8 May

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကျော်ဖြတ်ဖို့ဆိုရင် ဘိုင်ယန်မြူးနစ်ကစားသမားတွေရဲ့ အတွင်းစိတ်ချင်း ချိတ်ဆက်ထားနိုင်ရေး လိုအပ်နေတယ်လို့ နည်းပြတူချယ်က ယုံကြည်နေပါတယ်။

ဒီနေ့ညပိုင်း၊ ဘာနေဗျူးမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အဆုံးအဖြတ်ခံယူဖို့ ဘိုင်ယန်မြူးနစ်က ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရပါမယ်။ ဒီနှစ်သင်းက အလိုင်းယန့်ဇ်အရီနာကွင်း ပထမအကျော့ပွဲစဉ်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အခုညပိုင်းပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်ကစားသမားတွေကို ဘာတွေညွှန်ကြားထားသလဲလို့ တူချယ်ဆီ မေးမြန်းကြည့်ချိန် ဂျာမန်လူမျိုးနည်းပြဆီမှာ သူ့ရဲ့ကစားသမားတွေအတွက် ပုံမှန်မဟုတ်တဲ့အကြံအစည်အချို့ ရှိနေခဲ့ပါတယ်။

မက်ဒရစ်မြို့သတင်းစာရှင်းလင်းပွဲအတွင်း တူချယ်က “ကစားသမားတွေရဲ့အတွင်းစိတ် ချိတ်ဆက်ထားဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပန်းခြံထဲမှာ ဒီလိုကစားနည်းတွေကို ကစားခဲ့ဖူးပါတယ်။ အခုတော့ ကျွန်တော်တို့တွေ ဒီနေရာမှာ ရောက်ရှိနေပြီး အတွင်းစိတ်ချင်းချိတ်ဆက်ထားမှုကို လက်တွေ့ဖြစ်လာအောင် ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။ ပြိုင်ဘက်ဆီမှာ ဘောလုံးရှိနေချိန် ဒီနှစ်သင်းလုံးက ခံစစ်ပိုင်းကြံ့ကြံ့ခံနိုင်စွမ်းရှိဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဆီက ဘောလုံးပြန်လုယူဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ နှစ်သင်းလုံးက ခံစစ်၊ တိုက်စစ်အကူးအပြောင်းလုပ်တဲ့အပိုင်းမှာ အရမ်းအားကောင်းကြပါတယ်။ ဒါက အရမ်းရှုပ်ထွေးသွားစေပါလိမ့်မယ်။ တိကျမှုနဲ့ ကံကောင်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဒီလိုအဆင့်အတန်မျိုးရှိတဲ့ ပြိုင်ပွဲမျိုးမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်”လို့ ပြောပါတယ်။

ဘွန်ဒက်စ်လီဂါ လက်ရှိချန်ပီယံဆုကို လေဗာကူဆင်ဆီ လွှဲပြောင်းပေးခဲ့ရပြီးနောက် ချန်ပီယံလိဂ်အောင်ပွဲက အခုဘောလုံးရာသီ၊ ဘိုင်ယန်မြူးနစ် ရရှိနိုင်မယ့် တစ်ခုတည်းသော ဆုဖလားဖြစ်လာခဲ့ပါတယ်။ သူတို့တွေက အခုရာသီ၊ စပိန်လာလီဂါ ချန်ပီယံလည်းဖြစ်သလို ပြီးခဲ့တဲ့ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံမန်စီးတီးကို ဖြုတ်ချခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရရှိမယ့်သူက လန်ဒန်မြို့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေ့ါမွန်နဲ့ ဆုံတွေ့ရပါမယ်။

တူချယ်ကတော့ ဘိုင်ယန်မြူးနစ်နည်းပြဘ၀ လက်ကျန်ပွဲစဉ်အနည်းငယ်ကို ဖြတ်သန်းဖို့ ဦးတည်နေပါပြီ။ အခုလာမယ့်နွေရာသီမှာ ဘွန်ဒက်စ်လီဂါဘီလူးကြီးနဲ့ လမ်းခွဲတော့မယ့် နည်းပြကို ပရီးမီးယားလိဂ်ရပ်ဝန်းဘက်မှ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

#ရီးရဲလ်မက်ဒရစ် #တူချယ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်