ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်ဆီ တောင်းဆိုမှုတစ်ခုပြုလုပ်လိုက်တဲ့ အန်ဆယ်လော့တီ

4:18 PM, 8 May

ဒီနေ့ညပိုင်း၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခြင်းဖြင့် ဥရောပချန်ပီယံဆုမျှော်လင့်ချက်ကို ထိန်းသိမ်းနိုင်ဖို့ဆိုရင် ရီးရဲလ်မက်ဒရစ်အနေဖြင့် ပွဲစဉ်အတွင်း ယခင်ထက်အရှိန်အဟုန်အပြည့်၊ ပိုမိုကြိုးစားအားထုတ်သွားဖို့ လိုအပ်တယ်လို့ နည်းပြအန်ဆယ်လော့တီက ရှင်းပြလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ရီးရဲလ်မက်ဒရစ်က လာလီဂါချန်ပီယံဆုကို ပြိုင်ပွဲပြီးဆုံးဖို့ လေးပွဲအလိုမှာပဲ ဆွတ်ခူးနိုင်ခဲ့ပေမယ့် အသင်းရဲ့ ဂျာမန်မြေပထမအကျော့ပွဲစဉ်စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ အန်ဆယ်လော့တီရဲ့ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ သူက ဇွန် ၁ ရက်၊ ဝင်ဘာလေကွင်းဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်လိုတယ်ဆိုရင် နောက်ထပ်နိမ့်ကျတဲ့ စွမ်းဆောင်ရည်မျိုးနဲ့တော့ မဖြစ်နိုင်ဘူးလို့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီက ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ရဲ့စိန်ခေါ်မှုကို လျှော့တွက်လို့ မရဘူးလို့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောပြလိုက်ပါတယ်။

အန်ဆယ်လော့တီက “အရှိအဟုန်အပြည့်၊ ကြိုးစားအားထုတ်မှုအပြည့် ဖြစ်နေတဲ့ ပွဲစဉ်တစ်ခုကို ကျွန်တော်တို့ လိုအပ်နေပါတယ်။ ပထမအကျော့ပွဲစဉ်ကို ကြည့်လိုက်ပါ၊ခံစစ်ပိုင်းမှာ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် အများကြီးလုပ်နိုင်ခဲ့သင့်တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာပဲ လေဗာကူဆင်က ဘွန်ဒက်စ်လီဂါသရဖူကို ရယူလိုက်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ၁၁ နှစ်ကြာ အုပ်စိုးမှုကို အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီက ဥရောပဖလား ခြောက်ကြိမ်တိုင်ရယူထားနိုင်တဲ့ ချန်ပီယံတွေဟာ အခုရာသီ၊ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်အတွက် စိတ်အားတက်ကြွမှုတွေ ပိုမိုရရှိနေလိမ့်မယ်လို့ ဆိုပါတယ်။

“ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့အတူ အောင်မြင်မှုတွေ အလီလီရယူနိုင်ခဲ့ဖူးတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ကွာခြားမှုမရှိပါဘူး၊ အတူတူပါပဲ။ ပထမအကျော့မှာ ကျွန်တော်တို့ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့လို့ ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကို လေးစားမှုပေးထားရပါမယ်။ ကျွန်တော်တို့အတွက် နောက်ထပ်မှော်ဆန်တဲ့ညတစ်ခု ဖြစ်လာနိုင်လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အကောင်းမြင်ပေးနိုင်စရာ ဘာမှမရှိသေးပါဘူး။ ကျွန်တော်တို့တွေ ရင်ဆိုင်ရတော့မယ့် အခက်အခဲတွေအကြောင်း သတိပြုမိနေပါတယ်”လို့ အန်ဆယ်လော့တီက ဆက်ပြောပါတယ်။

#ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #အန်ဆယ်လော့တီ