ရှေ့သို့
Image

ယူရို ၂၀၂၄ မှာ အဓိကထားစောင့်ကြည့်သွားရမယ့် ဖျက်မြင်းအသင်း ၅ သင်း

12:15 PM, 11 June

ဖျက်မြင်းဆိုတဲ့စကားလုံးကို အဘိဓာန်တွေထဲမှာ မထင်မှတ်ထားတဲ့ပြိုင်ဘက်ကောင်း၊ မမျှော်လင့်ထားတဲ့အနိုင်ရသူ စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားကြပါတယ်။ ဘောလုံးလောကမှာလည်း ဖျက်မြင်းလို့ နာမည်တပ်ခံရတဲ့ ဘောလုံးအသင်းတွေ အများအပြားရှိနေပါတယ်။ မကြာမီမှာ ကျင်းပတော့မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ဖျက်မြင်းအသင်းတွေလို့သတ်မှတ်ခံထားရတဲ့အသင်းတွေ အများအပြားရှိနေပြီး ဒီအထဲကမှ တူရကီ၊ ဟန်ဂေရီ၊ အီတလီ၊ ဂျော်ဂျီယာနဲ့ စလိုဗေးနီးယားတို့ ၅ သင်းရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တူရကီ
နည်းပြကြီး ဗင်ဆင်ဇိုမွန်တဲလားရဲ့ဦးဆောင်မှုနဲ့အတူ ကျစ်လျစ်တဲ့ခံစစ်ကျောရိုးကို နောက်ခံပြုကာ ခပ်ကြမ်းကြမ်းကစားတတ်တဲ့ တူရကီအသင်းဟာ နေရာစုံမှာ တဖြည်းဖြည်းတိုးတက်နေပြီး ၂၀၂၄ ယူရိုပြိုင်ပွဲဆီသို့ အရောက်လှမ်းလာနိုင်ခဲ့ပါတယ်။ ခြေစမ်းပွဲစဉ်တွေမှာ ရလဒ်မကောင်းတတ်ပေမယ့် ယူရိုခြေစစ်ပွဲမှာ ၇ ဂိုးသာခွင့်ပြုခဲ့ရတာကြောင့် ယခုပြိုင်ပွဲမှာ ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ အသင်းဖြစ်တယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။

အသင်းရဲ့ ကစားသမား စာရင်းမှာလည်း တိုက်စစ်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အာဒါဂူလာနဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့် ကီနန်ရီလ်ဒစ်ဇ်တို့ကို ပိုင်ဆိုင်ထားတာကြောင့် ဂိုးရဖို့က ခက်ခဲစရာမရှိပါဘူး။ ဒါ့အပြင် ၂၀၀၂ ကမ္ဘာ့ဖလားနဲ့ ၂၀၀၈ ယူရိုဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းခဲ့ဖူးတဲ့ အစဉ်အလာတွေကြောင့် တူရကီဟာ ဒီပြိုင်ပွဲမှာ အန္တရာယ်အရှိဆုံးဖျက်မြင်းအသင်းအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ပြိုင်ပွဲကို ဂျာမနီမှာ ကျင်းပသွားမှာဆိုပေမယ့် တူရကီဟာ ပရိသတ်အင်အားတောင့်တင်းမှုကြောင့် ပွဲစဉ်တိုင်းကို အိမ်ကွင်းပွဲစဉ်တွေအဖြစ် သက်တောင့်သက်သာ ယှဉ်ပြိုင်သွားနိုင်ဖို့ရှိနေပါတယ်။

ဟန်ဂေရီ
အိမ်ရှင်ဂျာမနီ၊ ဆွစ်ဇာလန်၊ စကော့တလန်တို့နဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေတဲ့ ဟန်ဂေရီဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းရှိနေတာကြောင့် ဒီပြိုင်ပွဲရဲ့ အန္တရာယ်အရှိဆုံးဖျက်မြင်းစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ အီတလီသားနည်းပြ မာကိုရော့ဆီရဲ့ဦးဆောင်မှုနဲ့အတူ ခြေစစ်ပွဲအဆင့်ကို ရှုံးပွဲမရှိကျော်ဖြတ်လာခဲ့တာနဲ့တင် ဟန်ဂေရီဟာ အတော်လေးအထင်ကြီးစရာကောင်းနေတာကြောင့် တကယ့်ပြိုင်ပွဲမှာ ဘယ်လောက်အထိလုပ်ပြနိုင်မလဲ စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။

အိုင်ယာလန်ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မတိုင်ခင် လပေါင်း ၂၀ လောက်အထိ မရှုံးအောင်ကစားထားနိုင်တဲ့ ဟန်ဂေရီရဲ့ တည်ငြိမ်မှုက အုပ်စုအတွင်း ပြိုင်ဘက်အသင်းတွေ အတွက် ဖြုံချင်စရာကောင်းလွန်းပါတယ်။ မာကိုရော့စီရဲ့ လက်အောက်မှာ ကြယ်ပွင့်ကစားသမားအများအပြားကို မွေးထုတ်ပေးထားနိုင်တဲ့ ဟန်ဂေရီအတွက် ဒီပြိုင်ပွဲမှာ အားကိုးချင်စရာအကောင်းဆုံး ကစားသမားကိုပြပါဆိုရင်တော့ လီဗာပူးကွင်းလယ်လူ ဒိုမီနစ် ဆိုဘိုဆလိုင်းကို လက်ညှိုးထိုးရပါလိမ့်မယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အစဉ်အလာကြီးကြီးမားမားမရှိပေမယ့် လက်ရှိအသင်းရဲ့လူစာရင်းအရဆိုရင်တော့ နိုင်ငံအတွက် သမိုင်းသစ်ကိုရေးထိုးဖို့ စိန်ခေါ်နိုင်လောက်တဲ့ အင်အားမျိုးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အီတလီ
လက်ရှိချိန်ပီယံအသင်းကို ဖျက်မြင်းအသင်းစာရင်းမှာထည့်သွင်းထားတာက နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် အီတလီရဲ့လက်ရှိတည်ဆောက်ထားပုံက ဂျာမနီကိုလာကြမယ့် အခြားအသင်းကြီးတွေနဲ့ယှဉ်မယ်ဆိုရင် အနည်းငယ်နိမ့်ကျနေပြီး ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့စာရင်းမှာလည်း အဆင့် ၆ နေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။

၂၀၂၁ ယူရိုဖလားကိုဆွတ်ခူးပြီးနောက်ပိုင်း နည်းပြအပြောင်းအလဲပြုလုပ်မှုနဲ့အတူ အသင်းရဲ့ကစားသမားစာရင်းထဲမှ ဘိုနူချီ၊ ချီလီနီတို့ရဲ့ ထွက်ခွာမှုတွေနဲ့ ကြယ်ပွင့်ကစားသမား တိုနာလီရဲ့ ကာလရှည်ဘောလုံးကစားခွင့် ပိတ်ပင်ခံရမှုတွေက အသင်းကို အားနည်းစေတဲ့ အဓိကအချက်တွေဖြစ်လာစေခဲ့ပါတယ်။ အခုလို အဘက်ဘက်ကနေ အားနည်းနေပေမယ့် ဆင်ပိန်ကျွဲလောက်ရှိဆိုသလို အီတလီရဲ့ မာန်စွယ်က လုံးလုံးကြီး ကျိုးသွားတာတော့မဟုတ်ပါဘူး။ နည်းပြသစ် စပယ်လက်တီရဲ့ဦးဆောင်မှုနဲ့အတူ စနစ်တကျတည်ဆောက်ထားတဲ့ အသင်းရဲ့ကစားပုံနဲ့ အတွေ့အကြုံရင့်ကျက်မှုတွေကြောင့် ဒီပြိုင်ပွဲမှာ အီတလီဟာ အခြားပြိုင်ဘက်အသင်းတွေအတွက် အိပ်မက်ဆိုးမဖြစ်ရင်တောင် အိပ်မက်ကောင်းဖြစ်လာဖို့တော့ မရှိပါဘူး။

ဂျော်ဂျီယာ
အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဂျော်ဂျီယာအတွက်တော့ ဖျက်မြင်းအသင်းအဆင့်ထက်ပိုမိုကောင်းမွန်တဲ့ အဆင့်ကိုတော့ မျှော်မှန်းဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဂရိကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ဂျာမနီကို အရောက်လှမ်းလာနိုင်ခဲ့တာကြောင့် ယုံကြည်မှုတွေနဲ့အတူ အသင်းအတွင်းမှာ တည်ငြိမ်မှုတွေ ပေါက်ဖွားလာဖို့ရှိနေပါတယ်။

လက်ရှိဂျော်ဂျီယာရဲ့ လူစာရင်းက ရွှေရောင်မျိုးဆက်လို့ တင်စားရလောက်တဲ့အထိ တောက်ပမှုရှိနေပြီး အထူးသဖြင့် ၂၀၂၃ ခုနှစ်စီးရီးအေ တစ်နှစ်တာအကောင်းဆုံး ကစားသမား ခဗာရက်စ်ခီလီယာက အထင်ရှားဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ဗလန်စီယာဂိုးသမား မာမာဒါရှ်ဗီလီ၊ အေဂျက်စ်ကြယ်ပွင့် မီခါယူတက်ဇီနဲ့ ဝါရင့်အသင်းခေါင်းဆောင် ဂူရမ်ကာရှီယာတို့ရဲ့ ထိပ်တန်းအရည်အသွေးတွေကြောင့် ဂျော်ဂျီယာဟာ ပြိုင်ဘက်တွေရဲ့ လျှော့တွက်လို့မရတဲ့စာရင်းထဲမှာ ထည့်သွင်းခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျော်ဂျီယာက အုပ်စုအဆင့်မှာ ပေါ်တူဂီ၊ တူရကီ၊ ချက်တို့နဲ့ ကျရောက်နေတာကြောင့် နောက်တစ်ဆင့်ကိုတက်နိုင်ဖို့တော့ ရုန်းကန်သွားရဖွယ်ရှိပါတယ်။

စလိုဗေးနီးယား
ဂျော်ဂျီယာလိုပဲ စလိုဗေးနီးယားအတွက်ကလည်း ဒီပြိုင်ပွဲမှာ ဖျက်မြင်းအဆင့်ထက်ပိုပြီးသတ်မှတ်လို့မရတဲ့ အခြေအနေမျိုးမှာရှိနေပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၅၇ နေရာမှာရပ်တည်နေတာကြောင့် ယခုနှစ်ယူရိုပြိုင်ပွဲမှာ စလိုဗေးနီးယားထက် အဆင့်နိမ့်ကျတဲ့အသင်းက ၂ သင်းသာ ပါဝင်နေတာဖြစ်ပါတယ်။ ဂျော်ဂျီယာနဲ့ မတူတဲ့အချက်ကတော့ စလိုဗေးနီးယားက ကြယ်ပွင့်ကစားသမားလောက်လောက်လားလားမရှိတာကြောင့် အသင်းလိုက်ကစားပုံကိုသာ အဓိကကောင်းမွန်အောင်ကြိုးစားသွားရမှာဖြစ်ပါတယ်။ သို့သော်လည်း တိုက်စစ်ပိုင်း ဘင်ဂျမင်ဆက်စခိုတစ်ယောက်ကတော့ အတော်လေးအားကိုးရဖွယ်ရှိနေပြီး အသက်-၂၁ နှစ်အရွယ်လိုက်ပ်ဇစ်ကြယ်ပွင့်ဟာ ယခုနှစ်နွေရာသီမှာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ အေစီမီလန်တို့ရဲ့ အဓိကပစ်မှတ်ဖြစ်နေပါတယ်။

အသင်းရဲ့ ဝါရင့်ဂိုးသမား ဂျန်အိုဘလက်က နောက်တန်းမှာ တတ်နိုင်သလောက် တည်ငြိမ်မှုပေးနိုင်ပေမယ့် အုပ်စုအတွင်းက အင်္ဂလန်၊ ဆာဘီးယားနဲ့ ဒိန်းမတ်တို့ရဲ့ ခံစစ်တွေကိုတော့ ဆက်စခိုတစ်ယောက် ကျော်ဖြတ်နိုင်ပါ့မလားစောင့်ကြည့်ရပါမယ်။ ဒါပေမယ့် ဆာဘီးယားနဲ့ ဒိန်းမတ်တို့မှာအားနည်းချက်တွေကိုယ်စီရှိနေတာကြောင့် စလိုဗေးနီးယား အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားအားထုတ်မယ်ဆိုရင် အုပ်စုဒုတိယနေရာကို မျှော်လင့်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။

#အီတလီ #တူရကီ #ဟန်ဂေရီ #ယူရို၂၀၂၄