
အဲဗာတန်ကို အနိုင်ရခဲ့လို့ မန်စီးတီးကစားသမားတွေကို ဂွါဒီယိုလာ ချီးကျူး
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ကို ၀-၂ နဲ့အနိုင်ရခဲ့တာကြောင့် အသင်းရဲ့ကစားသမားတွေကို ချီးကျူးပြောဆိုလာခဲ့ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အသင်းအတွက် အောင်မြင်မှုတစ်ခုဖြစ်လိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပွဲအပြီးမှာ စပိန်သားနည်းပြက “အဲဗာတန်ကိုနိုင်ခဲ့တာ ကြီးမားတဲ့အောင်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ၅ ပွဲကစားဖို့ကျန်နေပါသေးတယ်။ ဒါကြောင့် အခုလို ဂူဆင်ပါ့ခ်မှာ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာက ကြီးမားတဲ့ နိုင်ပွဲပါပဲ။ နော်တင်ဟမ်ဖော်ရက်စ်၊ လီဗာပူးနဲ့ အာဆင်နယ်တို့က ဒီကွင်းမှာ မနိုင်ခဲ့ကြပေမယ့် ကျွန်တော်တို့ကတော့ အနိုင်ရခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ့်အကြောင်းကို စပိန်သားနည်းပြက “ကျွန်တော်တို့ရဲ့ပုံစံအတိုင်း နိုင်ပွဲတွေဆက်ယူဖို့ကြိုးစားသွားပါမယ်။ အသင်းရဲ့ကစားသမားတွေက ဆယ်စုနှစ် ၁ ခုကြာအောင် စွမ်းဆောင်ရည်ကောင်းကို ပြသခဲ့ပြီးပါပြီ။ ဘာတွေပဲဖြစ်လာဖြစ်လာ ကစားသမားတွေကို ကျေးဇူးတင်နေမှာပါ”
“ဒီရာသီက ကျွန်တော်တို့အတွက် အခက်ခဲဆုံးရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်မှုတွေကြောင့်ပါ။ ကျွန်တော်တို့ လီဗာပူးနဲ့အာဆင်နယ်တို့နောက်မှာ ပြတ်ကျန်ခဲ့ပါတယ်။ ဒါပေမယ့် အဆင့် ၄ နေရာအတွက် အခွင့်အရေးက ကျွန်တော်တို့ လက်ထဲမှာပါ။ အိမ်ကွင်း ၃ ပွဲ၊ အဝေးကွင်း ၂ ပွဲကစားဖို့ကျန်နေသေးပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အဲဗာတန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ နီကိုအိုရိုင်လီနဲ့ပတ်သက်ပြီးတော့လည်း ဂွါဒီယိုလာက “သူက ကွင်းလယ်တိုက်စစ်ကစားသမားပါ။ ဒါပေမယ့် နောက်ခံလူအနေနဲ့ကစားတဲ့အချိန်မှာလည်း နေရာမှန်မှာရောက်နေပါတယ်။ ဒီအသင်းမှာ နောက်ခံလူအနေနဲ့ ကစားရင်လည်း ဂိုးတွေသွင်းရတာပါပဲ။ ဂျီဗာဒီအောဆိုရင်လည်း အရင်ကဂိုးတွေသွင်းခဲ့ပြီး အခုတော့ နီကိုက သွင်းနေပါပြီ။ သူက အသင်းအတွက် အကျိုးသက်ရောက်မှုကြီးမားတဲ့ ကစားသမားပါ” လို့ပြောကြားခဲ့ပါတယ်။