ယောကရက်စ်ရဲ့ ဒဏ်ရာပြဿနာအပေါ် စိုးရိမ်နေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက တိုက်စစ်မှူး ဗစ်တာယောကရက်စ် ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ် လို့ ပြောကြားလိုက်ပါတယ်။ 
ဆွီဒင်တိုက်စစ်မှူးဟာ စနေနေ့က ဘန်လေကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် တနင်္လာနေ့မှာ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး။
အာတီတာက ယောကရက်စ်ဟာ အင်္ဂါနေ့ညမှာ ကစားရမယ့်(ဆလားဗီးယားပရာဟာ နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို သေချာပေါက် လွဲချော်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ ဒဏ်ရာက ဘယ်လောက် ဆိုးရွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
"သူ ကြွက်သားဒဏ်ရာတွေ သိပ်မရဖူးတဲ့ ကစားသမားဖြစ်ပြီး ကွင်းထဲက ထွက်သွားရတာ၊ တစ်ခုခု ခံစားနေရတာကြောင့် ကျွန်တော် စိုးရိမ်မိပါတယ်။ ဒါဟာ ပေါက်ကွဲအားကောင်းတဲ့ ကစားသမားတစ်ဦးအတွက် မကောင်းတဲ့ လက္ခဏာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒဏ်ရာနဲ့ပတ်သက်ပြီး ဘယ်အဆင့်မှာရှိတယ်ဆိုတာကို နားလည်ဖို့ နည်းနည်း ပိုပြီး စစ်ဆေးနေပါတယ်၊ သိတာနဲ့ ချက်ချင်း ကြေညာပါမယ်။
သူက ဆလားဗီးယားနဲ့ ပွဲအတွက် သေချာပေါက် ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ သူ လေ့ကျင့်ခန်း မဆင်းခဲ့ပါဘူး။ ဒဏ်ရာရဲ့ အတိုင်းအတာကို နားလည်ဖို့ နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ စစ်ဆေးမှုတွေနဲ့ စကန်ဖတ်တာတွေ ထပ်လုပ်ဖို့ လိုပါတယ်" လို့ အာတီတာက တနင်္လာနေ့ညနေပိုင်းမှာ ပြောခဲ့ပါတယ်။
ယောကရက်စ်က ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနေလဲလို့ မေးတဲ့အခါ အာဆင်နယ်နည်းပြက "ပွဲပြီးနောက်မှာ သူခံစားခဲ့ရတဲ့အတွက် အရမ်း စိတ်ပျက်အားငယ်နေပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပါပဲ။
နောက်ဆုံးမှာ သင်ဟာ မျဉ်းဖြောင့်လိုမျိုး အရာအားလုံး တက်နေဖို့ မျှော်လင့်ထားမယ်ဆိုရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ တစ်ခုခု ဒဏ်ရာရသွားရင် ဒါကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီး ကျွန်တော်တို့ အဲဒီအတွက် ကူညီပေးသွားပါမယ်။
ခင်ဗျားပြောသလိုပဲ သူဟာ တကယ့်ကို ကောင်းမွန်တဲ့ အချိန်၊ ကောင်းမွန်တဲ့ ပုံစံမှာ ရှိနေခဲ့တာပါ။ သူက အသင်းအတွက် အရမ်းအရေးပါပါတယ်။ ဒါပေမဲ့ မနက်ဖြန်ပွဲအတွက် သူ မရှိပါဘူး။ ဒါပါပဲ" လို့ ဆိုပါတယ်။
ယောကရက်စ်မပါဝင်နိုင်တာဟာ အာဆင်နယ်အတွက် တိုက်စစ်နဲ့ ဖန်တီးမှုပိုင်းရွေးချယ်စရာတွေ လျော့နည်းသွားစေပါတယ်။ 
အခုဆိုရင် ဂါဘရီယယ်မာတင်နယ်လီ ၊ ကိုင်ဟာဗက်ဇ် ၊ ဂါဘရီယယ်ဂျီးဆပ်စ်၊ နိုနီမာဒူကီ) နဲ့ မာတင်အိုဒီဂတ် တို့လည်း ဒဏ်ရာတွေကြောင့် အနားယူနေရပါတယ်။