လီဗာပူးမှာ ဖလော်ရီယန်ဝစ်ဇ် အောင်မြင်မှုရရှိလိမ့်မယ်လို့ အာမခံချက်ပေးလိုက်တဲ့ ဇာဘီအလွန်ဆို
အန်းစလော့လက်အောက် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတယ်ဆိုရင်တောင် လီဗာပူးမှာ သူ့ရဲ့ကစားသမားဟောင်း ဖလော်ရီယန်ဝစ်ဇ် အောင်မြင်မှုရရှိနိုင်လိမ့်မယ်ဆိုတဲ့ ယူဆချက်အပေါ် သံသယမြူမှုန်လောက်သာ မရှိပါဘူးလို့ ဇာဘီအလွန်ဆိုက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက လေဗာကူဆင်ကိုကိုင်တွယ်ချိန် ဖလော်ရီယန်ဝစ်ဇ်နဲ့အတူ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အသင်းသမိုင်းတလျှောက်ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျာမန်စတားကိုယ်တိုင်လည်း အဲ့ဒီဘောလုံးရာသီ၊ လိဂ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ဖလော်ရီယန်ဝစ်ဇ်က အခုအချိန်မှာတော့ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် အန်းစလော့က သူ့ကို ထိပ်တန်းလိဂ်ပွဲစဉ်လေးခုအတွက် အရန်လူစာရင်းမှာသာ ထည့်သွင်းခဲ့ပါတယ်။
ဒီည၊ အန်ဖီးလ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရတော့မယ့် အလွန်ဆိုက အထူးပါရမီရှင်တစ်ဦးလို့ သူကိုယ်တိုင်ယုံကြည်ထားတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားနဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံပေးကြဖို့ အသင်းဟောင်းဆီ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
လီဗာပူးနဲ့အတူ ၂၀၀၅ ခုနှစ်ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ အလွန်ဆိုက “ ကျွန်တော်ကတော့ သံသယ လုံးဝမရှိပါဘူး။ အချိန်ကာလတစ်ခုလောက်ပဲ စောင့်ပေးကြပါ။ ဂျာမနီမှာ နှစ်ပေါင်းများစွာနေလာပြီးနောက် လီဗာပူးဆီပြောင်းရွှေ့လာတာ သူ့အတွက် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ သူက တကယ့်ကိုထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ သူ့မှာ အရည်အသွေးအပြင် ကိုယ်ရည်ကိုယ်သွေးကောင်းပါရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိပါတယ်။
အရင်တုန်းကလည်း ပရီးမီးယားလိဂ်ရဲ့အကြီးကျယ်ဆုံးကစားသမားတွေကိုယ်တိုင် အခုလိုမျိုး ကြုံဖူးခဲ့ကြပါတယ်။ ဖလော်ရီယန်ဝစ်ဇ်အပေါ် ကျွန်တော် သံသယမရှိပါဘူး။ သူက အရမ်းထူးခြားပြီး အခု ကျွန်တော် ဒီမှာရှိနေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဖလော်ရီယန်ဝစ်ဇ်ကို အထူးကျေးဇူးတင်ပါတယ်။ မနက်ဖြန်မဟုတ်ရင်တောင် တစ်နေ့မှာ သူ့ရဲ့အရည်အသွေးတွေ ပြသနိုင်လိမ့်မယ်လို့ သံသယမရှိ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အလွန်ဆိုက အန်ဖီးလ်ဆီ ပထမဆုံးအကြိမ်တကျော့ပြန်ရောက်ရှိလာတဲ့ အာနိုးလ်ကို ပွဲထွက်ခွင့်ပေးဖို့ရှိ၊မရှိ စဉ်းစားနေတုန်းပဲလို့ ပြောပါတယ်။
လီဗာပူးဒု-ကပ္ပတိန်ဟောင်းက ဒဏ်ရာကြောင့် ကာလတစ်ခုကြာ အနားယူပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံးနှစ်ပွဲမှာ အရန်လူအဖြစ် ပွဲကစားခွင့်မရရှိခဲ့ပါဘူး။
အလွန်ဆိုက “ အာနိုးလ်က ကောင်းပါတယ်။ ဗလန်စီယာကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပွဲအခြေအနေကြောင့်သာ မကစားခဲ့ရတာပါ။ သူ့အတွက် မိနစ်ဘယ်လောက်ပဲကစားရကစားရ အဆင်ပြေပါတယ်။ မနက်ဖြန်မှာလည်း သူကစားနိုင်ပါတယ်။ သူ့ဆီမှာ ကောင်းမွန်တဲ့အရည်အသွေးတွေ ရှိပြီး သူ့ရဲ့အရည်အသွေးတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။
အာနိုးလ်က အားကစားနဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာမှာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ နောက်ထပ်မြင့်မားတဲ့ အဆင့်တစ်ခုဆီ ရောက်ရှိနေပါပြီ။ သူက ကျွန်တော်တို့အသင်းမှာရှိနေတဲ့ ထူးချွန်ကစားသမားတစ်ဦးဖြစ်လို့ သူ လိုအပ်တာတွေကို လုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်”လို့ ပြောပါတယ်။