အမ်းမရိတ်စ်မှာ ဝုဗ်ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၂-၁ ဝုဗ် (ပွဲပြီးရလဒ်)
အမှတ်ပေးဇယားရပ်တည်မှုအခြေအနေပြောင်းပြန်ဖြစ်နေတဲ့အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုဆိုပေမယ့် ဝုဗ်ရဲ့မထင်မှတ်တဲ့တုံ့ပြန်ပုံကြောင့် ဂန်းနားတို့ အိမ်ကွင်းမှာ အကျပ်ရိုက်ခဲ့ရပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ဒုတိယပိုင်းပွဲချိန်အတွင်း ဆာကာရဲ့ထောင့်ကန်ဘောပေးပို့မှုမှတဆင့် ဝုဗ်ဂိုးသမားဂျွန်စတုန်း O.G သွင်းယူမိလို့ အိမ်ရှင်တို့ရရှိသွားခဲ့ပါတယ်။ သာမန်ပွဲကစားချိန်ပြည့်မြောက်ချိန် ဝုဗ်အတွက်ချေပဂိုးကို အာရိုကိုဒါယီက သွင်းယူခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဝုဗ်ခံစစ်မှူးမော့စကွီယာရဲ့O.G မှတဆင့် အိမ်ရှင်တို့ အနိုင်ဂိုးရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အာတီတာရဲ့အသင်းက အနီးဆုံးပြိုင်ဘက်မန်စီးတီးထက် တစ်ပွဲပိုကစား၊ ငါးမှတ်အသာရရှိကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။