တုန်လှုပ်စရာနိုင်ပွဲကြောင့် စိတ်ပျက်မိတယ်လို့ ဝန်ခံလိုက်တဲ့ အာဆင်နယ်ကြယ်ပွင့်ဆာကာ
အမှတ်ပေးဇယားအောက်ဆုံးရှိ ဝုဗ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အာဆင်နယ်တောင်ပံကစားသမားဆာကာက တုန်လှုပ်စရာနိုင်ပွဲကြောင့် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရလဒ်ဖော်ဆောင်ဖို့အတွက် အာတီတာရဲ့အသင်းက ပြိုင်ဘက်ကစားသမားတွေရဲ့ O.G ဂိုးတွေကို ပွဲချိန်နောက်ဆုံးမိနစ်ပိုင်းအထိ လိုအပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းရရှိခဲ့တဲ့ သွင်းဂိုးတွေမှာ ဆာကာက အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။ ဆာကာရဲ့ ထောင့်ကန်ဘောကန်တင်ပေးပို့မှုက ဝုဗ်ဂိုးသမားဆမ်ဂျွန်စတုန်းနဲ့ထိပြီး ဂိုးဝင်သွားလို့ ဂန်းနားတို့ အဖွင့်ဂိုးရရှိခဲ့သလို တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် ဆာကာရဲ့ နာကျင်အချိန်ပိုဖြတ်တင်ဘောပေးပို့မှုကို ဝုဗ်နောက်ခံလူမော့စကွီယာခေါင်းတိုက်ရှင်းထုတ်ရာမှတဆင့် ကိုယ့်ဂိုးကိုယ်သွင်းယူမိလို့ ဂန်းနားတို့ အဖိုးတန်အနိုင်ဂိုး ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် ဆာကာက “ မှန်ပါတယ်၊ တခါတလေ ကံကောင်းဖို့လည်း လိုအပ်ပါတယ်။
ဒီနေ့တော့ ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း ဖြစ်လာခဲ့ပါတယ်။
ရမှတ်တွေကို စုဆောင်းရင်း ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ မေလမှာ ဘာဖြစ်လာမလဲဆိုတာ မသိရပေမယ့် ဒီည၊ သုံးမှတ်တန်နိုင်ပွဲအတွက် ပျော်ရွှင်နိုင်ပါတယ်။
အမ်းမရိတ်စ်ကွင်းဆီလာရောက်ကစားတဲ့ပြိုင်ဘက်တိုင်း ခက်ခဲမယ်ဆိုတာနဲ့ လွယ်ကူတဲ့ပွဲစဉ်မျိုး ဖြစ်လာစရာ မရှိဘူးဆိုတာ သိထားစေချင်ပါတယ်။
အရိုးသားဆုံးပြောရရင် တခါတလေ စိတ်ပျက်စရာတွေ ရှိခဲ့ပါတယ်။ ကောင်လေးတွေကိုပေးချင်တဲ့သတင်းစကားက အရာရာတိုင်းကို စိတ်ရှည်သည်းခံပြီး ကြိုးစားကျော်ဖြတ်ဖို့နဲ့ အဆုံးမှာ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့အရာကို ရရှိခဲ့တယ်ဆိုတာပါပဲ။
စိတ်ဓါတ်ပိုင်းလည်း အားကောင်းနေပြီး လာမယ့်သီတင်းပတ်မတိုင်ခင်အထိ ကျွန်တော်တို့အတွက် အနားယူချိန် ရှိပါတယ်”လို့ ပြောပါတယ်။