The network connection is lost.

Banner Image

ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့နိုင်ဖို့က သူ့ရဲ့ ငယ်ဘဝအိပ်မက်ဖြစ်တယ်လို့ ဂျေရမီ ဘိုဂါ ဖွင့်ဟ

တောင်ပံကစားသမား ဂျေရမီ ဘိုဂါဟာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ရတဲ့အပေါ် အလွန်စိတ်လှုပ်ရှားဝမ်းမြောက်နေပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝ အထွန်းတောက်ဆုံးအချိန်မှာ ရရှိခဲ့တဲ့ အခွင့်အရေးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘိုဂါဟာ ယခုဆောင်းရာသီဈေးကွက်အတွင်း ပြင်သစ်ကလပ် နိုက်စ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ အငှားစာချုပ်နဲ့ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်ဝယ်ယူခွင့် အချက်အလက်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

အခုတစ်ကြိမ် ပြောင်းရွှေ့မှုဟာ ဆာဆူအိုလိုနဲ့ အတ္တလန်တာ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘိုဂါအတွက် အီတလီမြေကို တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

ယနေ့မနက်ပိုင်းက ဒေသတွင်းမီဒီယာတွေနဲ့ မိတ်ဆက်ပွဲမှာ ဘိုဂါက "ကျွန်တော် အရမ်းပျော်ပါတယ်။ ငယ်ငယ်လေးကတည်းက ဒီလိုကလပ်အသင်းကြီးမှာ ကစားဖို့ အိပ်မက်မက်ခဲ့တာပါ။ အခုလို အိပ်မက်တွေ တကယ်ဖြစ်လာလို့ အရမ်းဝမ်းသာသလို အသင်းအတွက် အမြန်ဆုံး ကစားပေးချင်နေပြီ" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက "ကျွန်တော်ဟာ အခုဆိုရင် ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်ကို ရောက်နေပါပြီ။ ဘောလုံးလောကမှာ အတွေ့အကြုံတွေ အများကြီးဖြတ်သန်းခဲ့ပြီးပြီဖြစ်လို့ အခုလို အသင်းကြီးတစ်သင်းမှာ ကစားဖို့ အချိန်ကောင်းပဲလို့ ထင်ပါတယ်။ အသင်းမှာ ထူးချွန်တဲ့ ကစားသမားတွေ အများကြီးရှိနေပြီး ကျွန်တော့်ရဲ့ အရည်အချင်းတွေကို ပြသပြီး အသင်းကို ကူညီသွားမှာပါ" လို့ ဆိုပါတယ်။

မိမိရဲ့ ထူးခြားတဲ့ အရည်အချင်းတွေဖြစ်တဲ့ ဘောလုံးဆွဲယူထွက်ခြင်း၊ ဂိုးသွင်းယူခြင်းနဲ့ ဂိုးဖန်တီးမှုပေးခြင်းတွေဟာ ငယ်စဉ်ကတည်းက မိမိအတွင်းစိတ်မှာ ရှိနေတဲ့အရာတွေဖြစ်လို့ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့လည်း ဘိုဂါက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"အခုလို အရည်အချင်းတွေရှိတာကို သက်သေပြဖို့နဲ့ ဂိုးသွင်း၊ ဂိုးဖန်တီးမှုပိုင်းတွေမှာ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ဖို့ ကျွန်တော် ဒီကို ရောက်လာတာပါ။ ကျွန်တော်ဟာ ရင့်ကျက်မှုအရှိဆုံး အခြေအနေကို ရောက်ရှိနေပါပြီ" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အီတလီ စီးရီးအေလိဂ်ဟာ အမြဲတမ်းကောင်းမွန်တဲ့ လိဂ်တစ်ခုဖြစ်ပြီး အသင်းကောင်းတွေ အများကြီးရှိသလို အရည်အသွေးတွေလည်း ပိုမိုတိုးတက်လာတာကြောင့် အခုလို ပြန်လည်ကစားခွင့်ရတဲ့အပေါ် ကျေနပ်မိကြောင်းလည်း ဘိုဂါက ဆိုပါတယ်။

အဆုံးသတ်မှာတော့ ဘိုဂါက "ဂျူဗင်တပ်စ် ပရိသတ်အားလုံးကို နှုတ်ဆက်ပါတယ်။ ဒီကိုရောက်လာလို့ အရမ်းပျော်ပြီး ပရိသတ်တွေနဲ့ ကွင်းထဲမှာ တွေ့ဆုံဖို့ မစောင့်နိုင်တော့ပါဘူး" လို့ ဂျူဗင်တပ်စ် ပရိသတ်တွေအတွက် သတင်းစကားပါးခဲ့ပါတယ်။