The network connection is lost.

Banner Image

ဟန်ဆီဖလစ်ဟာ ကျွန်တော်တို့အတွက် ဖခင်တစ်ယောက်လိုပါပဲ လို့ဆိုလာတဲ့ အရူဂျို

ကိုပါဒီရေး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကားလို့စ်ဘယ်လ်မွန်တေးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အိမ်ရှင် အယ်လ်ဘာစီတီအသင်းကို ၁ -၂ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့ ကတ်တလန်ဘီလူးကြီးတွေဟာ ပွဲပြီးဆုံးခါနီးအထိ အာရုံစိုက်ကစားပြီး အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ အချိန်အတော်ကြာ အနားယူနေခဲ့ရတဲ့ နောက်ခံလူ ရော်နယ်လ်အရူဂျိုအတွက်တော့ အလွန်ထူးခြားတဲ့ ညတစ်ည ဖြစ်ခဲ့ပြီး သူဟာ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာရုံတင်မကဘဲ အသင်းအတွက် အဖိုးတန်တဲ့ ဒုတိယမြောက် အနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဥရုဂွေးနောက်ခံလူ အရူဂျိုက ရှုံးထွက်ပြိုင်ပွဲတွေရဲ့ သဘာဝနဲ့ပတ်သက်ပြီး "ကိုပါဒီရေးပွဲစဉ်တွေက ဒီလိုပါပဲ။ ပွဲပြီးဆုံးတဲ့အထိ ဘာမဆို ဖြစ်သွားနိုင်တဲ့အတွက် အဖြေက နောက်ဆုံးမိနစ်အထိ မရေရာတတ်ပါဘူး" လို့ မွန်ဒိုဒီပို့တီဗိုသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုသွင်းယူခဲ့တဲ့ဂိုးဟာ စိတ်ကျန်းမာရေးဆိုင်ရာ အနားယူမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း သူ့ရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရာမှာ အလွန်အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။ "ဒီဂိုးဟာ ကျွန်တော့်ရဲ့ယုံကြည်မှုအတွက်ရော၊ ဆက်လက်တိုးတက်ဖို့အတွက်ပါ အရေးကြီးပါတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်း ကူညီပေးနိုင်ခဲ့သလို ကျွန်တော်တို့ဆီမှာ အမြင့်ဘောအားကောင်းတဲ့ ကစားသမားကောင်းတွေ ရှိနေတာကလည်း အားသာချက်ပါပဲ" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။

အဲဒီညရဲ့ အမှတ်တရအရှိဆုံး အခိုက်အတန့်ကတော့ ဂိုးသွင်းပြီးနောက် နည်းပြ ဟန်ဆီဖလစ်ကို အရူဂျိုက ပြေးသွားပြီး ဖက်လဲတကင်း နှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အသင်းသားတွေနဲ့ ဂျာမန်နည်းပြကြီးကြားက နွေးထွေးတဲ့ဆက်ဆံရေးကို အရူဂျိုကက အခုလိုပဲ အမွှမ်းတင်ခဲ့ပါတယ်။

"ဟန်ဆီဟာ ကျွန်တော်တို့အတွက် ဖခင်တစ်ယောက်လိုပါပဲ။ အသင်းသားအားလုံးက သူ့အပေါ် အရမ်းကို ချစ်ခင်ကြပါတယ်။ သူက ကစားသမားတစ်ဦးချင်းစီရဲ့ အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ သူက ကျွန်တော့်အပေါ်မှာလည်း အထူးကောင်းမွန်စွာ ဆက်ဆံပေးခဲ့လို့ ကျွန်တော် သူ့ကို အားရပါးရ သွားဖက်ခဲ့တာပါ" လို့ အရူဂျိုက ဆိုပါတယ်။

ဒါ့အပြင် အရူဂျိုက အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ အခုလို မှန်းဆရခက်တဲ့ပြိုင်ပွဲမှာ အလွန်လေးနက်တည်ငြိမ်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။