အယ်လ်မာလအတွက် ဘရိုက်တန်ရဲ့ ယူရို ၃၀ သန်းနီးပါးတိုးမြှင့်ကမ်းလှမ်းမှုကို ကိုလုံးပယ်ချ
ဂျာမန်ကလပ်ကိုလုံးအသင်းဟာ သူတို့ရဲ့ အလားအလာရှိ လူငယ်ကစားသမားလေး ဆာအိဒ်အယ်လ်မာလကိုခေါ်ယူဖို့ ဘရိုက်တန်အသင်းရဲ့တိုးမြှင့်ကမ်းလှမ်းလာမှုကို ငြင်းပယ်လိုက်တယ်လို့ Sport Bild သတင်းဌာနက ဖော်ပြထားပါတယ်။
ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းကလည်း အသက် ၁၉ နှစ်အရွယ်အယ်လ် မာလအတွက် ယူရို ၁၅ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ဖူးပြီး ပယ်ချခံခဲ့ရပါတယ်။ အခု ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာတော့ ဘရိုက်တန်ဘက်က အခြေအနေကို ထပ်မံစမ်းသပ်လာခဲ့တာပါ။
အခုတစ်ကြိမ်မှာ ပရီးမီးယားလိဂ်ကလပ်ဟာ အယ်လ်မာလအတွက် အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း ယူရို ၂၅ သန်းမှ သန်း ၃၀ ကြားရှိတဲ့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပေမယ့် ကိုလုံးကတော့ လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ဆောင်းရာသီအပြောင်းအရွှေ့ပိတ်ခါနီးအချိန်မှာကမ်းလှမ်းလာတာဖြစ်လို့ ဆွေးနွေးဖို့ အချိန်မလုံလောက်မှုအပြင် ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးပမာဏဟာလည်း သူတို့သတ်မှတ်ထားတဲ့ တန်ဖိုးထက် နည်းပါးနေသေးတယ်လို့ ကိုလုံးအသင်းဘက်က ယူဆနေတာပါ။
ဒါပေမဲ့လည်း ဘရိုက်တန်အသင်းရဲ့ ဂျာမန်နည်းပြ ဖေဘီယန် ဟာဇယ်လာကတော့ ဒီလူငယ်ကစားသမားကို အင်္ဂလန်မြေဆီ ခေါ်ယူဖို့ အခိုင်အမာ ဆန္ဒရှိနေဆဲဖြစ်ပြီး မကြာခင်မှာ ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်သွားဖို့ ရှိနေပါတယ်။
အယ်လ်မာလကိုယ်တိုင်လည်း အစပိုင်းမှာ အသင်းပြောင်းဖို့ စိတ်မကူးခဲ့ပေမယ့် အခုနောက်ပိုင်း ပွဲထွက်ခွင့်နည်းပါးလာတာကြောင့် သူ့ရဲ့သဘောထား ပြောင်းလဲလာခဲ့ပါတယ်။
သူဟာ လာမယ့်နွေရာသီမှာ အသင်းမှထွက်ခွာလိုကြောင်းနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ဟာ သူအလိုလားဆုံး ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း အသင်းကို အသိပေးထားပြီးသားဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဘရိုက်တန်အသင်းဟာ အယ်လ်မာလကို ငါးနှစ်စာချုပ်နဲ့အတူ တစ်နှစ်လုပ်ခလစာ ယူရို ၁၅ သန်းဝန်းကျင်အပြင် အပိုဆုကြေးတွေပါ ပေးချေဖို့ ကမ်းလှမ်းထားတာပါ။
စိတ်ဝင်စားစရာကောင်းတာက ဘရိုက်တန်ဟာ ဆာအိဒ်ရဲ့ အစ်ကိုဖြစ်သူ အသက် ၂၀ အရွယ် မာလက်ခ် အယ်လ်မာလကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ မာလက်ခ်အတွက် ကမ်းလှမ်းမှုကိုလည်း ကိုလုံးအသင်းက ဆောင်းရာသီအပြောင်းအရွှေ့မပိတ်ခင်မှာပဲ ပယ်ချခဲ့ပါတယ်။
အကယ်၍ ဘရိုက်တန်အနေနဲ့ မာလက်ခ်ကိုပါ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သူ့ကို ပရီးမီးယားလိဂ်-၂ ပြိုင်ပွဲမှာ အရင်ဆုံးထားရှိပြီး အရည်အချင်း မြှင့်တင်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။