The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမယ့် မိုနာကိုရဲ့လူစာရင်းမှ ပေါ့ဘာ ချန်လှပ်ခံရ

မိုနာကိုအသင်းဟာ ပြင်သစ်ပြည်တွင်းပြိုင်ဘက် ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပလေးအော့ဖ်ပွဲစဉ်အတွက် ထုတ်ပြန်လိုက်တဲ့ လူစာရင်းမှာ ကွင်းလယ်လူ ပေါ့ဘာကို ချန်လှပ်လိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ရာသီဝက်အထိ ဥရောပလူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် လက်ရှိ ချန်ပီယံလိဂ်ပွဲစဉ်တွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ဆေးစစ်ဆေးမှု ကျရှုံးခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းမှာ ရှိနေစဉ်အတွင်း ဘောလုံးပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။

အီတလီအမျိုးသား ဆေးဝါးဆန့်ကျင်ရေး အဖွဲ့က သူ့ကို ၄ နှစ် ပိတ်ပင်ခဲ့ပေမဲ့ အားကစားခုံရုံးကို အယူခံဝင်ခဲ့လို့ ၁၈ လအထိ လျှော့ပေါ့ပေးခဲ့တာပါ။

အဲဒီနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ မိုနာကိုအသင်းကို ပြောင်းရွှေ့ကာ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်မြေမှာ ပြည်တွင်းပွဲစဉ်တွေ ပြန်လည်ကစားခွင့် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဖလားချန်ပီယံ ပေါ့ဘာအတွက်တော့ ဒီရာသီဟာ အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေပြီး ပြိုင်ပွဲစုံ ၃ ပွဲသာ ကစားခွင့်ရခဲ့ကာ စုစုပေါင်း ကစားချိန် မိနစ် ၃၀ သာ ရှိပါသေးတယ်။

သူဟာ ၂ နှစ်ကြာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဝေးကွာနေခဲ့ရတဲ့ ကြံ့ခိုင်မှုကို ပြန်လည်တည်ဆောက်နေရချိန်မှာ ခြေသလုံး၊ ပေါင်နဲ့ ခြေကျင်းဝတ် ဒဏ်ရာတွေ ဆက်တိုက်ဆိုသလို ရရှိနေတာကြောင့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

အာအမ်စီ စပို့ရဲ့ ဖော်ပြချက်အရ မိုနာကိုဟာ ပေါ့ဘာနဲ့အတူ နောက်ခံလူ မိုဟာမက် ဆာလီဆူး၊ တိုက်စစ်ကစားသမား တာကူမီ မီနာမီနိုတို့ကိုပါ ချန်ပီယံလိဂ်လူစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။

၎င်းတို့နေရာတွေမှာတော့ ကရင်ပင် ဒီယတ်တာ၊ ဝေါ့ဖေးစ်နဲ့ ဆိုင်မွန် အာဒင်ဂရာတို့ကို အစားထိုး ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

မိုနာကို အထွေထွေမန်နေဂျာ သီယာဂို စကူရိုက ပေါ့ဘာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာဌာနက အဖြေရှာဖို့ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီမေးခွန်းအတွက် ရှင်းလင်းတဲ့ အဖြေတော့ မရှိသေးပါဘူး။ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရဖို့ လုပ်ငန်းစဉ်တွေ ဆက်လုပ်ရဦးမှာပါ" လို့ သူက ဆိုပါတယ်။

"တခြားဒဏ်ရာရသူတွေလိုပဲ ပထမဆုံးအဆင့်အနေနဲ့ ကွင်းထဲ ပြန်ဆင်းနိုင်ဖို့နဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်ဆင်းပြီး လိုအပ်တဲ့ ကြံ့ခိုင်မှု ပြန်ရဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်" လို့ သီယာဂို စကူရိုက ဖွင့်ဟခဲ့ပါတယ်။