အခုဘောလုံးရာသီမှာ လီဗာပူးတို့ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိနိုင်ဘူးလို့ အတိအလင်းဝေဖန်လိုက်တဲ့ ကာရေဂါ
လီဗာပူးဂန္ထဝင်ကာရေဂါက ဒီရာသီမှာ သူ့ရဲ့အသင်းဟောင်းအတွက် အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဝင်ရောက်နိုင်ဖို့ ခက်ခဲသွားပြီလို့ ပွင့်ပွင့်လင်းလင်းဝန်ခံပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊အန်ဖီးလ်ကွင်းမှာ မန်စီးတီးကို ၂-၁ ဂိုးဖြင့် ရှုံနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး Sky Sports သုံးသပ်ချက်အစီအစဉ်မှတဆင့် အခုလိုမျိုး မှတ်ချက်ပေးခဲ့တာပါ။
ဒီပွဲစဉ်ဟာ ကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ခု ဖြစ်ပေမယ့် လီဗာပူးရဲ့ကစားပုံက နယူးကာဆယ်၊ ဘုန်းမောက်တို့နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်တွေလိုပဲ အားနည်းချက်တွေ ရှိနေပြီး နောက်ဆုံးသုံးပွဲအနက် နှစ်ပွဲအထိ ရှုံးနိမ့်ခဲ့မှုဟာ စိုးရိမ်စရာဖြစ်တယ်လို့ သူက ဆိုပါတယ်။
"အသင်းနည်းပြကိုယ်တိုင် ဆုံးဖြတ်ချက်အသစ်တွေချမှတ်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်က မိုဆာလက်တစ်ဦးတည်းအကြောင်း ပြောနေတာမဟုတ်ဘဲ တိုက်စစ်ကစားသမားလေးဦးလုံးရဲ့ အခင်းအကျင်းကို ပြောနေတာပါ" လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပွဲမတိုင်ခင်ကတည်းက သူအကြံပြုခဲ့သလို ဖလော်ရီယန်ဝစ်ဇ်ကို ဘယ်တောင်ပံမှာထားပြီး ကာတစ်ဂျုံးစ်ကို ထည့်သွင်းကစားမယ်ဆိုရင် ပိုမိုထိရောက်မှုရှိနိုင်တယ်လို့ သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
လီဗာပူးအနေဖြင့် အခုလိုတိုက်စစ်ပိုင်းမှာ ကစားသမားလေးဦးအထိထားပြီး အပြန်အလှန်တိုက်စစ်ဆင်မယ့်ပုံစံမျိုးနဲ့ ဆက်ကစားသွားဦးမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်တဲ့အဆင့်တစ်ခုဆီ ရောက်ရှိလာဖို့ လုံး၀မဖြစ်နိုင်ဘူးလို့ ၎င်းက ဝေဖန်ခဲ့ပါတယ်။
လက်ရှိလီဗာပူးအသင်းလူစာရင်းရဲ့ဟန်ချက်ညီမှုဟာ မှန်ကန်တဲ့အခြေအနေမှာ မရှိသလို၊ ကွင်းအတွင်း ပွဲစဉ်အပေါ် ထိန်းချုပ်နိုင်စွမ်းလည်း မရှိဘူးလို့ ကာရေဂါက ထောက်ပြခဲ့ပါတယ်။
"ပွဲက ဘယ်လောက်ပဲ စိတ်လှုပ်ရှားဖို့ကောင်းနေပါစေ၊ အသင်းက ပွဲကို လုံးဝမစိုးမိုးနိုင်တာ တွေ့ရပါတယ်။ ပွဲက နှေးနေရင်တောင် အသင်းက အခြေအနေကို အပြည့်အဝကိုင်တွယ်နိုင်စွမ်း မရှိပါဘူး။ လီဗာပူးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်"လို့လည်း သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။