ပရိသတ်တစ်ဦးရဲ့ ဆံပင်ညှပ်စိန်ခေါ်မှုက သူ့အတွက် လုံးဝ အရေးမပါဘူးလို့ ဘရူနို ဖာနန်ဒက်စ် ဆို
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပရိသတ်တစ်ဦး ပြုလုပ်ထားတဲ့ ဆံပင်ညှပ်စိန်ခေါ်မှုဟာ သူ့အတွက်တော့ ဘာမှအရေးမပါတဲ့ ကိစ္စဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပတ်က အိုးလ် ထရက်ဖို့ဒ်မှာ ကစားသမားတစ်ယောက်လျော့ တော့တင်ဟမ် ဟော့စပါးအသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ယာယီနည်းပြ မိုက်ကယ် ကာရစ် လက်ထက်မှာ ၄ ပွဲဆက်တိုက် အနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာပါ။
ပရိသတ်တစ်ဦးဖြစ်တဲ့ ဖရန့်ခ် အိုင်းလက်တ်ဟာ ယူနိုက်တက်အသင်း ၅ ပွဲဆက်တိုက် အနိုင်ရတဲ့အထိ စောင့်ဆိုင်းပြီးမှ ဆံပင်ညှပ်ဖို့ စိန်ခေါ်ထားသူ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုတွေဟာ လူမှုကွန်ရက်ပေါ်မှာလည်း အတော်လေး ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
ဖရန့်ခ် အိုင်းလက်တ်ဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကတည်းက ဆံပင်မညှပ်ဘဲ နေလာခဲ့တာပါ။ အခု လာမယ့် အင်္ဂါနေ့ညမှာ ယူနိုက်တက်အသင်းက ဝက်စ်ဟမ်း ယူနိုက်တက်အသင်းရဲ့ လန်ဒန် စတေဒီယမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ အနိုင်ရခဲ့ရင်တော့ သူ့ရဲ့ဆံပင်ညှပ်စိန်ခေါ်မှုက အောင်မြင်ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဆိုပါစိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ဖရန့်ခ်အတွက် ဆံပင်ညှပ်ဆိုင် ကြိုတင်ချိန်းဆိုပေးနိုင်မလားလို့ မေးမြန်းရာမှာတော့ ဘရူနိုက ဒါဟာ သူ့စိတ်ထဲမှာ လုံးဝမရှိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
"အခြားသူတွေ ဆံပင်ညှပ်ဆိုင်သွားဖို့ လိုမလိုဆိုတာကို ကျွန်တော် တကယ်ပဲ ဂရုမစိုက်ပါဘူး။ ဒါဟာ ကျွန်တော့်အတွက် အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး" လို့ ဘရူနိုက ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့တာပါ။
လက်ရှိမှာ ယူနိုက်တက်ဟာ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ရဲ့အထက် ချန်ပီယံလိဂ်ဝင်ခွင့် နေရာတစ်ခုမှာ ရပ်တည်နေပြီး လာမယ့်ပွဲမှာ အနိုင်ရခဲ့ရင်တော့ အဲဒီအဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်မှာ စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ ယူနိုက်တက်အသင်းကို ဥရောပစင်မြင့်ထက်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ကသာ အသင်းခေါင်းဆောင် ဘရူနိုအတွက် ပိုမိုအရေးကြီးတဲ့ ရည်မှန်းချက် ဖြစ်နေပါတယ်။