အင်္ဂလန်နည်းပြအဖြစ် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ တူချယ်
အင်္ဂလန်နည်းပြ သောမတ်စ်ဟာ ၂၀၂၈ တူချယ်ခုနှစ်အထိ အသင်းကို ဆက်ပြီးတာဝန်ယူသွားဖို့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အင်္ဂလန်အသင်းက ကြေညာလိုက်ပါတယ်။
၂၀၂၈ ခုနှစ်မှာ အင်္ဂလန်က အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်တို့နဲ့အတူ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ အင်္ဂလန်နည်းပြတာဝန်ကို စတင်ယူခဲ့တဲ့ တူချယ်ဟာ ဒီနှစ်ထဲမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
အုပ်စု (K) မှာ ၈ ပွဲကစား ၈ ပွဲလုံးနိုင်၊ သွင်းဂိုး ၂၂ ဂိုးရှိပြီး ပေးဂိုးမရှိတဲ့ စံချိန်နဲ့ အုပ်စုပထမရရှိခဲ့ပါတယ်။
တူချယ်ဟာ အင်္ဂလန်အသင်းကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
တူချယ်က "အင်္ဂလန်အသင်းနဲ့အတူ သက်တမ်းတိုးပြီး ဆက်ရှိနေရမှာဖြစ်လို့ တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုအချိန်အထိ ကျွန်တော့်ရဲ့ ကစားသမားတွေ၊ နည်းပြတွေနဲ့အတူ လက်တွဲလုပ်ကိုင်ရတဲ့ မိနစ်တိုင်းကို ကျွန်တော် တကယ်ကို မြတ်နိုးခဲ့တယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ သူတို့ကို ဦးဆောင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သွားဖို့အတွက်လည်း ကျွန်တော် တကယ်ကို စိတ်အားထက်သန်နေပါတယ်။ ဒါဟာ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး နိုင်ငံသားတွေ ဂုဏ်ယူရအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။
စီအီးအို မာ့ခ်ဘူလင်ဂမ်၊ အက်ဖ်အေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော်သွားလေရာက ပရိသတ်တွေဆီကနေ အားပေးမှုတွေ အများကြီးရခဲ့လို့ ဒီလိုအိပ်မက်ဆန်တဲ့ အလုပ်ကို ဆက်လုပ်ဖို့ ကမ်းလှမ်းခံရတဲ့အခါ ချက်ချင်းပဲ သဘောတူခဲ့တာပါ။ ၂၀၂၈ ယူရိုပြိုင်ပွဲက တကယ့်ကို ထူးခြားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာမှာပါ။ နည်းပြတစ်ယောက်အနေနဲ့ ဒီလိုအကြီးမားဆုံးစင်မြင့်ပေါ်မှာ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ရတာထက် ပိုကောင်းတဲ့အရာ မရှိပါဘူး" လို့ လို့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။
တူချယ်ရဲ့ လက်ထောက်နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ အန်တိုနီဘယ်ရီ၊ ဟင်းနရစ်ဟီလာရီယို၊ နီကိုမေယာနဲ့ ဂျိမ်းစ်မယ်လ်ဘုန်းတို့လည်း အသင်းမှာ နောက်ထပ်နှစ်နှစ် ဆက်ရှိနေဖို့အတွက် စာချုပ်သစ်ချုပ်ဆိုခဲ့ကြပါတယ်။