ယူနိုက်တက်ကိုသွားခဲ့တာ ကြယ်ပွင့်ကစားသမားတွေကို ထိုင်ကြည့်နေဖို့ သက်သက်မဟုတ်ဘူးလို့ဆိုလာတဲ့ တိုက်စစ်နည်းပြဟောင်း မက္ကာသီ
ကင်ညာအသင်းရဲ့ နည်းပြဖြစ်သူ ဘန်နီ မက္ကာသီက မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တိုက်စစ်သင်တန်းပေးတဲ့ နည်းပြအဖြစ် သူ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ တာဝန်ထမ်းဆောင်ခဲ့လဲဆိုတာကို ရှင်းပြလာပါတယ်။
တောင်အာဖရိက ဂန္ထဝင်ကစားသမားကြီး မက္ကာသီဟာ ယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ရဲ့ လက်ထောက်အဖွဲ့ဝင်တစ်ဦးအဖြစ် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ တာဝန်ယူခဲ့ဖူးသူပါ။
မက္ကာသီက Creamer TV နဲ့ တွေ့ဆုံချိန်မှာ "ကျွန်တော် ယူနိုက်တက်ကို သွားတဲ့အချိန်မှာ ဒါဟာ ကျွန်တော့်အရည်အချင်းထက် ကျော်လွန်နေမလားဆိုတာ သိထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကိပ်တောင်းစီးတီးတို့၊ အာမာဇူးတို့လို အသင်းတွေကိုပဲ နည်းပြခဲ့တာလေ။ အခု ယူနိုက်တက်လို အသင်းမှာ ထိပ်တန်းကစားသမားတွေကို နည်းပြပေးရတော့မယ်ဆိုတော့လေ" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
"ကျွန်တော်က အဲဒီကို ပညာသွားသင်ဖို့ပဲလားဆိုတော့ မဟုတ်ပါဘူး။ အဲဒါ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထား မဟုတ်ဘူး။ သူတို့က ကျွန်တော့်ကို အလုပ်တစ်ခုလုပ်ဖို့ ခေါ်ခဲ့တာဖြစ်လို့ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာ ပြသရမယ်လေ။ ဟုတ်ပါတယ်၊ သူတို့တွေက အများကြီး သိချင်သိမယ်၊ ဒါပေမဲ့ အရာအားလုံးကိုတော့ သိတာမဟုတ်ဘူး။ ဒါကြောင့် သူတို့မသိသေးတဲ့ အရာအချို့ကို ကျွန်တော် သင်ပေးနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
"အဲဒါ ကျွန်တော် ယူနိုက်တက်ကို သွားခဲ့တဲ့ စိတ်ဓာတ်ပါပဲ။ ကျွန်တော်က ပညာသင်ဖို့ သက်သက်သွားတာ မဟုတ်ဘဲ အပြောင်းအလဲတစ်ခုခု လုပ်ပေးနိုင်ဖို့နဲ့ ထူးခြားမှုတွေ ဖန်တီးပေးဖို့ သွားခဲ့တာပါ။ အခြေအနေတွေကို ပိုကောင်းအောင် လုပ်ပေးရင်းနဲ့ ကိုယ်ပေးဆပ်နိုင်သမျှကနေလည်း အတတ်နိုင်ဆုံး သင်ခန်းစာယူမယ်၊ တစ်ချိန်တည်းမှာပဲ တခြားလူတွေဆီကနေလည်း ကောင်းကွက်တွေကို လေ့လာယူသွားဖို့ပါပဲ" လို့ ၎င်းက ပြောပါတယ်။
မက္ကာသီက ဆက်ပြီး "ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုတောင်မှ သူ မသိသေးတဲ့အရာတွေကို ကျွန်တော် သင်ပေးနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့ထက် အသက်ကြီးပြီး လောကကြီးထဲမှာ စောစောရောက်နေသလို ဒီအလုပ်တွေကိုလည်း သူ့ထက်အရင် လုပ်ခဲ့ဖူးသူမို့ပါ။ ဒါကြောင့် သူ့အနေနဲ့လည်း ကျွန်တော့်ဆီကနေ သင်ယူစရာတွေ ရှိနေမှာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။