The network connection is lost.

Banner Image

ဝက်စ်ဟမ်းကိုသရေကျခဲ့လို့ စိတ်ပျက်မိကြောင်းပြောကြားလာတဲ့ အာမိုရင်

သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က နောက်ကျချေပဂိုးခွင့်ပြုခဲ့ရပြီး ၂ မှတ်လျော့ခဲ့လို့ စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို ပွဲအစကနေ အဆုံးအထိ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် ၅၈ မိနစ်မှာ နောက်ခံလူဒီယေဂိုဒါလော့ရဲ့ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။  ဝက်စ်ဟမ်းကလည်း ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက်မှာ တန်ပြန်တိုက်စစ်တွေ၊ အလွတ်တည်ကန်ဘောတွေနဲ့ ချေပဂိုးပြန်လည်ရရှိဖို့ကြိုးစားခဲ့ပြီး ၈၃ မိနစ်မှာ မာဂက်ဆာက သရေ ၁ မှတ်ရစေမယ့်ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ 

ပွဲအပြီးမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အာမိုရင်က အနိုင်ရခဲ့သင့်ပေမယ့် မနိုင်ခဲ့ဘဲ အိမ်ကွင်းမှာ သရေ ၁ မှတ်သာရခဲ့လို့စိတ်ပျက်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။  ပေါ်တူဂီသားနည်းပြက "ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်က တသမတ်တည်းမရှိခဲ့ပါဘူး။ အရမ်းကောင်းတဲ့အခိုက်အတန့်တွေရှိခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာပဲ ထိန်းချုပ်မှုလွတ်သွားတာတွေရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း ဒုတိယပိုင်းအတွင်းမှာလည်း ပွဲကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ တကယ်တော့ ဦးဆောင်ဂိုးသွင်းပြီးကတည်းက အနိုင်ရလဒ်ကိုပဲ ထိန်းသိမ်းခဲ့သင့်တာပါ"

"ကျွန်တော်တို့ ဂိုးဧရိယာနဲ့ဝေးတဲ့နေရာတွေမှာတောင် ခံစစ်ကစားခဲ့သင့်ပါတယ်။ အသင်းမှာ အရပ် အနိမ့်အမြင့်ကွာခြားချက်ကြောင့် တည်ကန်ဘောတွေက ပြဿနာဖြစ်စေနိုင်တယ်ဆိုတာသိခဲ့ပေမယ့် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီသရေပွဲကြောင့် ကျွန်တော်တို့ ၂ မှတ်ဆုံးရှုံးခဲ့ရပြန်ပါပြီ။ ဒါက အတော်လေးစိတ်ပျက်စရာပါ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာြဖစ်ပြီး အနိုင် ၃ မှတ်ပြန်လည်ရရှိအောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။