
ချဲလ်ဆီးအငှားကစားသမားထံမှ အတွင်းရေးသတင်းတွေ နှိုက်ယူတယ်လို့ ဝန်ခံလိုက်တဲ့ ကွန်ပနီ
ချန်ပီယံလိဂ်ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် နီကိုးလပ်စ်ဂျက်ဆန်ရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ ချဲလ်ဆီးအကြောင်း ဆွေးနွေးဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက ဝန်ခံခဲ့ပါတယ်။ အပြာရောင်တပ်ဖွဲ့ဆီမှ ဂျာမန်ဘီလူးကြီးဆီ အငှားဖြင့်ရောက်ရှိနေတဲ့ တိုက်စစ်မှူးက အခုအချိန်မှာတော့ ဘွန်ဒက်စ်လီဂါကလပ်အသင်းအတွက် အထူးအထောက်အကူ ဖြစ်လာဖွယ်ရှိပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ကွန်ပနီက မာရက်စ်ကာရဲ့အသင်းပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်လက်နက်တစ်ခုအကြောင်းကိုလည်း မီးထောင်းထိုးဖော်ပြခဲ့ပါတယ်။
အခုရာသီ၊ ချဲလ်ဆီးမှ ဘိုင်ယန်မြူးနစ်ဆီ အငှားဖြင့်ပြောင်းရွှေ့လာတဲ့ အသက်-၂၄ နှစ်အရွယ်ကစားသမားက ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနောက်လန်ဒန်ကလပ်အသင်းကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီတွေ့ဆုံမှုမတိုင်ခင် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ပြိုင်ဘက်နဲ့ပတ်သက်လို့ အတွင်းပိုင်းသတင်းအချို့ရရှိရန် ကွန်ပနီနဲ့ ဆီနီဂေါလက်ရွေးစင်ကစားသမားအကြား ဆွေးနွေးမှုတွေ ရှိထားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းအကြောင်း တိုက်စစ်မှူးနဲ့ စကားပြောဖြစ်သလားဆိုတဲ့ မေးခွန်းကို ကွန်ပနီက “ သေချာတာပေါ့၊ စကားပြောဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချဲလ်ဆီးယှဉ်ပြိုင်ကစားတဲ့ ပွဲ ၄၀ လောက်ကို ကြည့်ရှုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့နဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆင်နွှဲရမှာဖြစ်သလို သူတို့ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေနဲ့ ကျွန်တော်တို့လည်း ရင်ဆိုင်ခဲ့ရလို့ ဖြစ်ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုရင် ချဲလ်ဆီးက စိတ်ဝင်စားစရာကောင်းတဲ့အသင်းတစ်ခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ပဟေဋ္ဌိတွေအများကြီးပေးမယ့်ပြိုင်ဘက်မျိုးလို့ မထင်ပါဘူး။ မာရက်စ်ကာအကြောင်းလည်း ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အချို့အခိုက်အတန့်တွေမှာ ကိုယ်တိုင် အိမ်စာကျေညက်ရဲ့လားဆိုတဲ့အချက်နဲ့လည်း သက်ဆိုင်ပါတယ်။ ချဲလ်ဆီးကစားသမားတွေကို မာရက်စ်ကာ ဘာတွေပြောနိုင်မလဲဆိုတာ ကျွန်တော် တွေးမိထားပါတယ်။
ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်အိုင်ဒီယာ၊ ကိုယ်ပိုင်နည်းဗျူဟာနဲ့ အရာရာတိုင်း ရှိထားပြီးပါပြီ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ကစားသမားတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီလိုပွဲစဉ်မျိုးမှာ ကွဲပြားမှုတစ်ခုဖန်တီးဖို့ဆိုရင် ကစားသမားတွေက သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ထုတ်ပြဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး မန်စီးတီးကြယ်ပွင့်ဟောင်းက ၂၀၂၅ ခုနှစ်အတွင်း စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆုနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုယူဆောင်ပေးခဲ့တဲ့ အန်ဇိုမာရက်စ်ကာကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် သူက ချဲလ်ဆီးအသင်းရဲ့လျှို့ဝှက်လက်နက်အဖြစ် လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားမှု ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
TNT Sports နဲ့တွေ့ဆုံချိန် ကွန်ပနီက “ အရမ်းကောင်းတဲ့အလုပ်တစ်ခုကို မာရက်စ်ကာလုပ်ပြခဲ့တယ်လို့ ထင်ပါတယ်။ နည်းပြတစ်ဦးအတွက်ဆိုရင် ကိုယ်စတင်တာဝန်ယူချိန် အသင်းက ဘယ်လိုပုံစံမျိုးဖြစ်နေသလဲ၊ ကစားသမားတွေရဲ့ပုံစံ ဘယ်လိုရှိမလဲဆိုတာကို ပြန်ကြည့်သွားဖို့ လိုအပ်ပါတယ်။ အမှန်ပါပဲ၊ ရလဒ်တွေကို မျှော်ကိုးပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့သလို အဆုံးသတ်မှာလည်း လူငယ်အသင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အရည်အသွေးရှိလူငယ်ကစားသမားတွေကို စုစည်းပြီး သူတို့လုပ်ပြသွားတဲ့အရာအတွက် အသိအမှတ်ပြုဖို့ ကောင်းပါတယ်။ အထူးသဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး လက်ရှိချဲလ်ဆီးအသင်းကို ပြန်ကြည့်မယ်ဆိုရင် သူတို့နဲ့ အင်္ဂလန်ထိပ်တန်းကလပ်တွေအကြား ကွာဟမှုကြီးကြီးမားမားမရှိဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးပြန်လာပါပြီ။ လူငယ်ကစားသမားတွေရှိနေမှုရဲ့အကျိုးကျေးဇူးက မနက်ဖြန်မှာ ပိုကောင်းတဲ့အနာဂတ်ကို အမြဲတမ်းလိုလိုပေးစွမ်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့မှာသာ အလေ့အကျင့်ကောင်းတွေ ရှိသွားမယ်၊ သူတို့သာ ပတ်ဝန်းကျင်ကောင်းတစ်ခု ရရှိသွားမယ်ဆိုရင် အမြင့်ဆုံးစိတ်နေစိတ်ထားနဲ့အတူ ဒီလိုအရာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကသာ ချဲလ်ဆီးရဲ့အမြင့်ဆုံးခွန်အားတစ်ရပ်ဖြစ်ပြီး ဆက်လက်တိုးတက်လာဦးမယ့်အသင်းတစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ထင်ပါတယ်။ တဖက်မှာလည်း ကျွန်တော်တို့အတွက် အိမ်ကွင်းအားသာချက်နဲ့ အတွေ့အကြုံပိုင်းဆိုင်ရာ အားသာချက်တို့ ရရှိထားပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်အပြီး မာရက်စ်ကာရဲ့အသင်းက စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်သွားရဖို့ ရှိနေသလို ဂျာမန်ဘီလူးကြီးတွေကလည်း ဟော်ဖန်ဟိမ်းနဲ့အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။