
ရီးရဲလ်နည်းပြကို ခန့်အပ်ချင်နေတဲ့ ဆော်ဒီကလပ် အယ်လ်-ဟီလယ်
သတင်းတွေအရ ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းဟာ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပြီး သူ့အကူအညီနဲ့ ဗင်နီကိုပါခေါ်ယူချင်နေပါတယ်။ ရီးရဲလ်အသင်း နဲ့ အန်ဆယ်လော့တီတို့ကြား အနာဂတ်အခြေအနေက မသေချာသေးသလို ဘရာဇီးအသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
ဒါပေမယ့်လည်း နောက်ထပ်သတင်းတွေအရ အဆိုပါအပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။ Sports Zone သတင်းဌာနရဲ့အဆိုအရ အယ်လ်-ဟီလယ်အသင်းဟာ နည်းပြ ဂျော့ဂျ်ဂျီးဆပ်စ်နေရာမှာ အန်ဆယ်လော့တီနဲ့အစားထိုးချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆော်ဒီကလပ်ဘက်က အန်ဆယ်လော့တီကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဗင်နီကိုပါ ထပ်မံခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဗင်နီကို ဆော်ဒီကလပ်တွေက ချိတ်ဆက်နေတာဖြစ်ပြီး လက်ရှိမှာလည်း ရီးရဲလ်နဲ့ စာချုပ်သက်တမ်းမတိုးရသေးတာဖြစ်ပါတယ်။ Sports Zone သတင်းတွေအရ အယ်လ်-ဟီလယ်အသင်းဟာ ဘရာဇီးသားကို ပေါင်သန်း ၆၈၀ လောက်အထိ ပေးချေပြီး ခေါ်ယူမယ်လို့ဖော်ပြခဲ့ပါတယ်။
နေမာကို လက်လွှတ်ခဲ့ရပြီးနောက် အယ်လ်-ဟီလယ်အသင်းဟာ လာမယ့်နွေမှာ ဗင်နီကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အန်ဆယ်လော့တီကတော့ ရီးရဲလ်ကနေထွက်ခွာဖို့ အလားအလာများနေဆဲဖြစ်ပြီး စပိန်ကလပ်ဘက်က အလွန်ဆိုနဲ့အစားထိုးဖို့ ပြင်ဆင်နေပါတယ်။