
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာပါဝင်ဖို့ အိပ်မက်ရှိနေတဲ့ အီလီယော့တ်အန်ဒါဆန်
အန်ဒိုရာနဲ့ပွဲဦးထွက်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီးနောက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ အိပ်မက်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်စတားဟာ စနေနေ့တုန်က အင်္ဂလန်အသင်းနဲ့အတူ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အန်ဒိုရာနဲ့ပွဲမှာ တူချယ်ရဲ့အင်္ဂလန်အသင်းက ၂-၀ နဲ့အနိုင်ရခဲ့ပြီး အန်ဒါဆန်က စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်ကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားလူစာရင်းမှာပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ “ဒါက ပွဲတစ်ပွဲလို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဒီပွဲပြီးရင် လာမယ်ပွဲတွေကို အာရုံစိုက်ရပါမယ်။ ပြီးတော့ ကြိုးစားပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်အောင် လုပ်ရပါမယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် အားလုံးက ကမ္ဘာ့ဖလားကို မျက်စိကျနေတာပါ။ တကယ်လို့ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ရင် ပိုကောင်းလာနိုင်ပါတယ်။ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့သင့်ပါတယ်။ အဲ့တာဆို ဘာဖြစ်လာမလဲဆိုတာကြည့်ရပါမယ်။ နောက်တစ်ကြိမ်ပေါ့ဗျာ”လို့ အန်ဒါဆန်က ဖြေကြားခဲ့ပါတယ်။
အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့နှစ် နယူးကာဆယ်ကနေ နော်တင်ဟမ်ထံပြောင်းလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းပြသထားနိုင်ခဲ့ပြီး နိုင်ငံအသင်းမှာပါ နေရာရလာခဲ့တာဖြစ်ပါတယ်။ ဘရစ္စတိုးလ်စတားဟောင်းအနေနဲ့ နောက်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်မယ်ဆိုရင် ကမ္ဘာ့ဖလားအိပ်မက် တကယ်ဖြစ်လာဖွယ်ရှိနေပါတယ်။
အန်ဒါဆန်ဟာ လာမယ့်ဆားဘီးယားနဲ့ပွဲမှာလည်း ပွဲကစားချိန်ပိုရဖို့ မျှော်လင့်နေပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲကျော်လောက်ကစားရမှာဖြစ်ပြီး လာမယ့်ကမ္ဘာ့ဖလားအတွက် လူစာရင်းမရွေးချယ်ရသေးတာဖြစ်ပါတယ်။