
အနာဂတ်နဲ့ပတ်သက်ပြီး ဖိအားတွေများလာတဲ့ လေဗာကူဆင်နည်းပြ အလွန်ဆို
သတင်းတွေအရ ဘိုင်ယန်လေဗာကူဆင်အသင်းဟာ အလွန်ဆိုမရှိတဲ့ အနာဂတ်အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ လေဗာကူဆင်အသင်းကို ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါချန်ပီယံ နဲ့ ဂျာမန်ပိုကယ်ဖလားတွေရယူပေးနိုင်ခဲ့ပြီးနောက် အလွန်ဆိုကို လီဗာပူး နဲ့ ရီးရဲလ်တို့က ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်သားက ဂျာမန်ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အခုချိန်မှာ အနာဂတ်က မသေချာတော့တာဖြစ်ပါတယ်။
ဂျာမန်သတင်းတွေအရ လေဗာကူဆင်ဘုတ်အဖွဲ့ဟာ အသက် ၄၃ နှစ်သားကို ဆုံးဖြတ်ချက်ချဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။ အန်ဆယ်လော့တီရဲ့အနာဂတ်ကလည်း ဖိအားတွေများလာခဲ့ပြီး လာမယ့်နွေမှာ ရီးရဲလ်အနေနဲ့ နည်းပြသစ်ခေါ်ယူဖွယ်ရှိနေကာ အလွန်ဆိုက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ လေဗာကူဆင်စီအီးအို ကာရိုကတော့ အလွန်ဆို နဲ့ မိမိတို့ကြား ရာသီအကုန်မှာ ထွက်ခွာခွင့်ပြုရမယ်ဆိုတဲ့ သဘောတူညီမှုရှိထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
အခုချိန်မှာလည်း အလွန်ဆိုကို ဆုံးဖြတ်ချက်အမြန်ချမှတ်ဖို့ တွန်းအားပေးနေပြီး နည်းပြသစ်လည်းရှာဖွေနေတယ်လို့ သိရပါတယ်။ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုရဖို့မဖြစ်နိုင်တော့ပဲ အခုအပတ်မှာ ဘိုင်ယန်က ချန်ပီယံဖြစ်ဖို့ အလားအလာများနေပါတယ်။