ဘုန်းမောက်နဲ့သရေကျပြီးနောက် ခံစားချက်တွေရောထွေးနေခဲ့ကြောင်း ပြောကြားလာတဲ့ အာမက်
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အာမက်ဒီယာလိုက အင်္ဂါနေ့နံနက်က ဘုန်းမောက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၄-၄ နဲ့သရေကျခဲ့တာကြောင့် ခံစားချက်တွေရောထွေးနေခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ အာမက်အနေနဲ့ အသင်းအတွက်ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်ခဲ့ရပေမယ့် နိုင်ပွဲမရခဲ့ဘဲ သရေနဲ့သာကျေနပ်ခဲ့ရတာကြောင့် ကျေနပ်ခြင်းမရှိကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။
တောင်ပံကြယ်ပွင့်က "ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ကစားကွက်အပေါ်မူတည်ပြီး အသင်းရဲ့ကစားပုံကို ပြောင်းလဲလေ့ရှိကြပါတယ်။ တစ်ခါတလေမှာ ၄-၄-၂ တစ်ခါတလေမှာ ၃-၄-၃ တစ်ခါတလေမှာလည်း ၄-၃-၃ ပုံစံမျိုးနဲ့ ကစားကြပါတယ်။ ဒါတွေကို အပြင်ကလူတွေက မြင်ချင်မှမြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အသင်းတစ်သင်းအနေနဲ့ ပုံစံမျိုးစုံ ကစားနိုင်ကြပါတယ်"
"ကစားကွက်က ဘယ်လိုဖြစ်နေနေအရေးမကြီးပါဘူး။ အရေးကြီးတာက နိုင်ပွဲရဖို့ပါပဲ။ ဒါကြောင့် ဒီနေ့သရေကျခဲ့လို့ တကယ်ကိုစိတ်ပျက်မိပါတယ်။ ဒါပေမယ့် မရှုံးခဲ့တဲ့အတွက် နောက်ပွဲတွေအတွက် ပိုကောင်းတဲ့ကစားဟန်ကိုဆက်လက်ရှာဖွေသွားဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအာမက်ကို ယူနိုက်တက်အဝတ်လဲခန်းထဲကအခြေအနေကို မေးမြန်းခဲ့ရာ အာဖရိကသားက "အဝတ်လဲခန်းထဲမှာလည်း လူတိုင်းတော်တော်လေးစိတ်ပျက်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အသင်းတစ်သင်းအနေနဲ့ ဒီထက်အများကြီးပိုကောင်းအောင်လုပ်နိုင်လို့ပါ။ ဒီနေ့ပွဲကိုအနိုင်ရနိုင်တယ်ဆိုတာ သိခဲ့ပေမယ့် ၁ မှတ်တည်းနဲ့ကျေနပ်လိုက်ရတာ အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်"
"ဒုတိယပိုင်းမှာ ၂ ဂိုးဆက်တိုက်ပေးလိုက်ရတော့ ပြန်လာနိုင်ဖို့အတွက် ဖိအားတွေဝင်ခဲ့ပါတယ်။ နောက်ဆုံးမှာ ၄-၃ နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးပြန်ခွင့်ပြုလိုက်ရပြန်ပါတယ်။ ဒီပွဲကိုသာနိုင်ခဲ့ရင် အမှတ်ပေးဇယားမှာ ဒီထက်ပိုပြီး အဆင့်ကောင်းနေမှာပါ။ ဒါပေမယ့် ဒီပွဲမှာ မရှုံးခဲ့လို့အဆိုးဆုံးအခြေအနေလို ပြောလို့မရပါဘူး။ ဒါကြောင့် ၁ မှတ်ယူပြီး နောက်ပွဲတွေအတွက် ဆက်လက်ပြင်ဆင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုသရေပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာသို့တက်လှမ်းလာခဲ့ပြီး အဆင့် ၄ နေရာကချဲလ်ဆီးနဲ့ ရမှတ် ၂ မှတ်သာကွာဟနေပါတယ်။