
အင်းနရစ်တစ်ယောက် သူမမြင်ဖူးတဲ့ နည်းစနစ်တွေအသုံးပြုခဲ့ကြောင်း ဖွင့်ဟလာတဲ့ ပီအက်စ်ဂျီဥက္ကဌ
ပီအက်စ်ဂျီဥက္ကဌ နက်ဆာအယ်လ်ခီလိုင်ဖီက အသင်းကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားအောင်မြင်မှုဆွတ်ခူးပေးခဲ့တဲ့ နည်းပြလူးဝစ်အင်းနရစ်ဟာ သူမမြင်ဖူးတဲ့ နည်းစနစ်တွေ လေ့ကျင့်ရေးကွင်းမှာအသုံးပြုခဲ့ကြောင်းနဲ့ အလွန်အလုပ်ကြိုးစားတဲ့နည်းပြတစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဖလား ၃ လုံးအထိဆွတ်ခူးနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးရာသီတစ်ခုကို ပုံဖော်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ အယ်လ်ခီလိုင်ဖီက အသင်းနည်းပြ အင်းနရစ်ဟာ လေ့ကျင့်ရေးကွင်းမှာ ထူးခြားတဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့ကြောင်းနဲ့ ၈ လလောက်အထိ လေ့ကျင့်ရေးကွင်းမှာနေထိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
AlkassTV နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အယ်လ်ခီလိုင်ဖီက "ကျွန်တော်တို့အသင်းက လေ့ကျင့်ရေးကွင်းမှာ တီဗီဖန်သားပြင်အကြီးဆုံးရှိတဲ့ အသင်းဖြစ်ပါလိမ့်မယ်။ ကစားသမားတွေလေ့ကျင့်ရေးဆင်းနေချိန်မှာ အင်းနရစ်က တီဗီဖန်သားပြင်ရှေ့မှာထိုင်နေပြီး ကစားသမားတွေကို ပြိုင်ဘက်အသင်းရဲ့ကစားပုံ ဘယ်လိုရှိတယ်ဆိုတာ ပြသလေ့ရှိပါတယ်။ အခြားအသင်းအပေါ်သူ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုပုံစံက ထူးခြားပါတယ်။ ကျွန်တော်အရင်က ဘယ်မှာမှမမြင်ဖူးခဲ့ပါဘူး။ ပြီးတော့သူက လေ့ကျင့်ရေးကွင်းမှာ ၈ လလောက်အထိ နေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့စိုးရိမ်ခဲ့ရပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနဲ့အတူ သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံအောင်မြင်မှုရရှိခဲ့ဖူးတဲ့ အင်းနရစ်ဟာ ပီအက်စ်ဂျီကို ၂၀၂၃ ခုနှစ်မှာစတင်ကိုင်တွယ်ခဲ့ပြီး ပွဲဦးထွက်ရာသီမှာတော့ လီဂူးဝမ်းဆုဖလားကိုသာဆွတ်ခူးနိုင်ခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့ပါတယ်။ သို့သော်လည်း ပီအက်စ်ဂျီက အင်းနရစ်ကို ရာထူးမှမထုတ်ပယ်ပဲ အသင်းမှာ ယုံယုံကြည်ကြည်နဲ့ဆက်လက်ခန့်အပ်ခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီမှာတော့ အင်းနရစ်ဟာ ပီအက်စ်ဂျီအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကို သမိုင်းဝင်နိုင်ပွဲနဲ့အတူရရှိစေခဲ့ရုံမက၊ ရနိုင်သမျှပြည်တွင်းဆုဖလားတွေအားလုံးကိုလည်းသိမ်းပိုက်စေခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ပီအက်စ်ဂျီဟာ ဇွန်လ ၁၅ ရက်နေ့မှာ စတင်ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ အင်းနရစ်ရဲ့အသင်းဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ပထမဆုံးပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။