 
                                                                        အက်စတွန်ဗီလာနဲ့ပွဲမတိုင်ခင် အီဆက်ခ်၊ ဂရာဗန်ဘက်ချ်နဲ့ ကာတစ်ဂျုံးစ်တို့ရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ပြောလာတဲ့ အန်းစလော့
လီဗာပူးနည်းပြ အန်းစလော့က တိုက်စစ်မှူး အလက်ဇန္ဒားအီဆက်ခ်နဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးစ် တို့ဟာ စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို သေချာပေါက် လွဲချော်မယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အဓိက ကွင်းလယ်လူ ရိုင်ယန်ဂရာဗန်ဘက်ချ်ကတော့ အသင်းကို ပြန်လာဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။ ဂရာဗန်ဘက်ချ်ဟာ ဒီလအစောပိုင်းက မန်ချက်စတာ ယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ် လိမ်သွားတဲ့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာပါ။
နယ်သာလန်သားဟာ ဖရန့်ဖတ်၊ ဘရန့်ဖိုဒ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သလို လီဗာပူးကလည်း နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သလို ကာရာဘောင်းဖလားကနေလည်း ထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ အန်းစလော့က သောကြာနေ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂရာဗန်ဘက်ချ်ဟာ အသင်းနဲ့အတူ အပြည့်အဝ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး ပွဲကစားဖို့ ရွေးချယ်နိုင်တဲ့ အနေအထားကို ရောက်ရှိလာနိုင်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
အန်းစလော့က"ရိုင်ယန်ကတော့ မနေ့က ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ကျန်တဲ့ နှစ်ယောက်ကတော့ မဆင်းရသေးပါဘူး။ ဒဏ်ရာရဲ့ နောက်ဆုံးအဆင့်မှာ အရာရာဟာ ပိုမြန်တာ ဒါမှမဟုတ် ပိုနှေးတာမျိုး ဖြစ်နိုင်တာကြောင့် သူတို့ ဘယ်လိုအခြေအနေရှိလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ရိုင်ယန်ဟာ ဒီနေ့ ထပ်လေ့ကျင့်ရဦးမှာဖြစ်ပြီး အဲဒီနောက်မှ သူ ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ဆုံးဖြတ်ပါမယ်။ ဒါပေမဲ့ ကျန်နှစ်ယောက်ကတော့ ၉၉.၉% သေချာပေါက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။
အီဆက်ခ်နဲ့ ဂျုံးစ် နှစ်ဦးစလုံးဟာ အသင်းလိုက်လေ့ကျင့်ခန်း ပြန်မဆင်းရသေးတဲ့အတွက် ဗီလာနဲ့ပွဲကို သေချာပေါက်လွဲချော်မယ်လို့ သိရပါတယ်။ အီဆက်ခ်က ကြွက်သားဒဏ်ရာနဲ့ ရုန်းကန်နေရပြီး ဂျုံးစ်ကတော့ ဒီလအစောပိုင်းက ရရှိခဲ့တဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဂိုးသမား အလီဆင် နဲ့ တံကောက်ကြောဒဏ်ရာရနေတဲ့ ဂျရီမီဖရင်းပေါင် တို့လည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေထဲက တစ်ဦးဖြစ်တဲ့ ဂျီယိုဗန်နီလီယိုနီကလည်း ကာလရှည်အနားယူနေရတာ ဖြစ်ပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                