အီဆက်ခ်၊ ဖရင်းပေါင်တို့ရဲ့ဒဏ်ရာအခြေအနေအကြောင်း ဖွင့်ဟပြောကြားလာတဲ့ အန်းစလော့
အန်းစလော့က ဖရန့်ဖတ်ကိုအနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ အီဆက်ခ်၊ ဖရင်းပေါင်တို့ကို လူစားလဲခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ အီဆက်ခ်၊ အီကီတီကီတို့ကို နေရာပေးဖို့ အန်းစလော့ ပြင်ဆင်လာခဲ့ပါတယ်။ ဒီတိုက်စစ်မှူးနှစ်ဦးတွဲဖက်ကစားမှုအပေါ် ပရိသတ်တွေစိတ်ဝင်စားခဲ့ပေမဲ့ ဒုတိယပိုင်းစတင်ချိန်မှာပဲ ချီယေဆာကို အီဆက်ခ်ရဲ့နေရာမှာ လူစားလဲထည့်သွင်းခဲ့ပါတယ်။
အတိတ်မှာလည်း ဒတ်ချ်လူမျိုးနည်းပြက ရှည်လျားလွန်းလှတဲ့ အပြောင်းအရွှေ့ဇာတ်လမ်းတစ်ခုအကြား ရာသီကြိုပြင်ဆင်မှုတွေနဲ့ လွဲချော်ခဲ့တဲ့ အီဆက်ခ်အတွက် သူ့ရဲ့အစီအစဉ်တွေကို သတိထားလုပ်ဆောင်သွားရမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဖရန့်ဖတ်နဲ့ပွဲစဉ်အပြီးမှာတော့ ဒတ်ချ်နည်းပြက အီဆက်ခ်မှာ ပေါင်ခြံဒဏ်ရာပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
အန်းစလော့က “ ပထမပိုင်းပွဲချိန်အပြီး၊ အီဆက်ခ်ရဲ့ပေါင်ခြံမှာ ပြဿနာအချို့ရှိနေလို့ လူစားလဲလှယ်ခဲ့ပါတယ်။ ဒါ ဝမ်းနည်းစရာကောင်းပါတယ်။ သုံးလလောက်လွဲချော်ထားတဲ့ ကစားသမားတစ်ဦးအတွက် ဟန်ချက်တစ်ခုကို ရှာဖွေဖို့ဆိုတာ ခက်ခဲလွန်းတယ်လို့ အကြိမ်ပေါင်းများစွာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ အီဆက်ခ်ကို ဖြည်းဖြည်းချင်းပဲ ပုံသွင်းရပါမယ်။ လူတွေကလည်း အီဆက်ခ်ကို ပွဲကစားချိန်ပိုမပေးဘူးလားဆိုပြီး ကျွန်တော်နဲ့ တခါတရံ ငြင်းခုန်လေ့ရှိပါတယ်။ အခု ကျွန်တော်တို့တွေ သူ့ကို သုံးရက်အတွင်း ဒုတိယအကြိမ်ပွဲကစားခွင့်ပေးခဲ့တယ်လေ။ ကံမကောင်းစွာနဲ့ဘဲ သူထွက်ပေးရဖို့ ဖြစ်လာခဲ့ပြီး အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်မိပါတယ်” လို့ ဆိုပါတယ်။
ဖရင်းပေါင်အပါအဝင် နွေရာသီမှာခေါ်ယူထားတဲ့ ကစားသမားတွေအပေါ် ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ အန်းစလော့အတွက်ဝေဖန်ခံနေရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဖရင်းပေါင်က တံကောက်ကြောဒဏ်ရာကြောင့် ဘုန်းမောက်နဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်နောက်ပိုင်း ကာလတစ်ခုကြာ အနားယူခဲ့ရပါတယ်။ အန်းစလော့က “ ဖရင်းပေါင်ကို ဘေးဖယ်ထားလို့ ဝေဖန်ခံရတယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်တော် မလုပ်ရဘူးလား? ဒါက ဖရင်းပေါင်ရဲ့ကစားပုံနဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့တံကောက်ကြောမှာ ပြဿနာတစ်ခု ရှိတယ်လို့ ကျွန်တော်တို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ဆိုတာ အသင်းဆေးအဖွဲ့ကို ဆိုလိုချင်တာပါ။ သူ့ကို အနားပေးထားတာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်။ နိုင်ငံတကာသီတင်းပတ်အပြီး သူပြန်ကစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ သြဂုတ်လအတွင်း ပြောကြားခဲ့ပါတယ်။
အီဆက်ခ်က အခုရာသီ၊ လီဗာပူးအတွက် ပြိုင်ပွဲစုံခုနစ်ပွဲအထိ ပါဝင်ကစားပေမယ့် ပွဲချိန်ပြည့်မကစားနိုင်ခဲ့ပါဘူး။ အန်းစလော့ကလည်း ဆွီဒင်သားကို ဖြည်းဖြည်းချင်းသာ ကြိုးစားဖို့ တိုက်တွန်းထားပုံရပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာပေါ်ပေါက်ခဲ့တဲ့အခြေအနေတွေကြောင့် အန်းစလော့အတွက် အပြောင်းအလဲပြုလုပ်ဖို့ ဖိအားရှိလာခဲ့ပါတယ်။ အန်းစလော့က ဖရင်းပေါင်မှာ နောက်ထပ်ပေါင်ခြံဒဏ်ရာပြဿနာတစ်ခုရှိနေလို့ ပွဲချိန် ၁၉ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့တယ်လို့ အတည်ပြုပါတယ်။
ဖရန့်ဖတ်နဲ့ပွဲစဉ်အပြီး ရှုံးပွဲဆက်မှတ်တမ်းကို ရပ်တန့်လိုက်နိုင်ပေမဲ့ ဒဏ်ရာပြဿနာတွေက လီဗာပူးအတွက် စိုးရိမ်ရေမှတ်ဆီ ပို့ဆောင်ပေးနေပြန်ပါတယ်။ ဖရန့်ဖတ်နဲပွဲစဉ်ကို ခြေကျင်းဝတ်ဒဏ်ရာရှိနေတဲ့ ကွင်းလယ်ကြယ်ပွင့်ဂရာဗန်ဘတ်ချ်လွဲချော်ခဲ့သလို အလီဆင်လည်း မကစားနိုင်ခဲ့ပါဘူး။ အီဆက်ခ်သာ အချိန်ကြာကြာအနားယူရမယ်ဆိုရင် တိုက်စစ်ပိုင်းကို အီကီတီကီ ဦးဆောင်ပေးရဖွယ် ရှိသလို ဖရင်းပေါင်ရဲ့ဒဏ်ရာကြောင့် ဘရက်ဒလေလည်း ပွဲကစားချိန်မိနစ်တွေ ပိုမိုရရှိလာနိုင်ပါတယ်။