ရှုံးပွဲဆက်နေမှုကြောင့် ရာထူးမှထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို အန်းစလော့ တုံ့ပြန်လာ
အန်းစလော့က ရလဒ်ဆိုးတွေနဲ့ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရပေမဲ့ လီဗာပူးအသင်းအာဏာပိုင်တွေရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားတယ်လို့ ခံစားမိကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ကြိုးကြာနီတွေက ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်မှုအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ အခုသီတင်းပတ်အတွင်းမှာလည်း အန်းစလော့ရဲ့အသင်းက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ကာ ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာလာရပေမဲ့ ကလပ်အသင်းပိုင်ရှင် FSG အနေဖြင့် ဒတ်ချ်လူမျိုးနည်းပြကို ရာထူးမှအနားပေးဖို့ မစဉ်းစားသေးဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီအစား သူတို့တွေက အခက်အခဲတွေကျော်ဖြတ်ရင်း အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ထားတဲ့ အသင်းတစ်ခုကို ကိုင်တွယ်ဖို့အတွက် အန်းစလော့ကို အချိန်ပေးဖို့ လိုလားနေကြပါတယ်။ ဒီလိုထောက်ခံပေးမှုကို အန်းစလော့ကိုယ်တိုင်လည်း ခံစားမိပြီး ကလပ်အသင်းအကြီးတန်းအရာရှိတွေနဲ့ဆက်ဆံရေးမှာ အပြောင်းအလဲအနည်းငယ်သာရှိတယ်လို့ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဖွင့်ဟလာခဲ့ပါတယ်။ ဖိအားတွေအောက် မရောက်ရှိနေဘူးဆိုတာကို ရည်ညွှန်းလိုတဲ့ အန်းစလော့က “ အသင်းအကြီးအကဲတွေဆီမှာ ဘာအပြောင်းအလဲမှ မရှိပါဘူး။ သူတို့အကုန်လုံးလည်း ကျွန်တော် ရှုမြင်ထားတဲ့အရာကိုပဲ အလားတူမြင်တွေ့ထားကြပါတယ်။
ကျွန်တော့်အတွက်တော့ စကားပြောဆိုဆွေးနွေးမှုတွေမှာ အပြောင်းအလဲအများကြီးမရှိပါဘူး။ ကျွန်တော်တို့တွေ ပွဲစဉ်အကြောင်း အများကြီးပြောဆိုဖြစ်ပြီး ရှုံးနိမ့်နေတာထက် အနိုင်ရရှိမယ်ဆိုရင် ပွဲစဉ်အကြောင်းပြောရတာ ပိုမိုကောင်းမွန်ပါတယ်။ ဒီကာလတင် မဟုတ်ပါဘူး။ အရာအားလုံးအဆင်ပြေနေချိန်မှာတောင် အားပေးထောက်ခံမှုရရှိနေခြင်းကို ခံစားမိပါတယ်။
ကျွန်တော်ကတော့ ကိုယ့်မှာရှိနေတဲ့ ကစားသမား ၂၀ ဦး (သို့မဟုတ်) ၂၁ ဦးပါ လူစာရင်းစုဖွဲ့မှုအပေါ် ခိုင်ခိုင်မာမာယုံကြည်ထားပါတယ်။ ကစားသမားတွေအရမ်းများနေရင် အသင်းတစ်ခုအဖြစ် စုဖွဲ့ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီကစားသမားတွေကို ကြံ့ခိုင်မှုပြည့်ဝနေအောင် လုပ်ပေးဖို့လည်း လိုအပ်ပါတယ်”လို့ ပြောပါတယ်။