ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရခဲ့ခြင်းက အလွန်အရေးပါတဲ့နိုင်ပွဲဖြစ်ကြောင်းပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် အသင်းရဲ့ခံနိုင်ရည်အားကိုချီးကျူးလာခဲ့ပြီး အလွန်အရေးပါတဲ့ပွဲစဉ်ကို အနိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာကဘုန်းမောက်ကို ၄ မှတ်ဖြတ်ထားပါတယ်။ ပွဲအပြီးမှာ အာတီတာက "ဒီပွဲက ဒီရာသီအသင်းရဲ့နိုင်ပွဲတွေထဲမှာ အဖိုးတန်ဆုံးပါပဲ။ ၃ ရက်တစ်ပွဲကစားနေရတဲ့ လက်ရှိဘောလုံးလောကမှာ အသင်းရဲ့ခံနိုင်ရည်အားက မယုံနိုင်စရာပါပဲ"
"ဒီလိုပွဲမျိုးမှာအနိုင်ရဖို့ ခက်ခဲပါတယ်။ အာရုံစူးစိုက်မှုအားမကောင်းခဲ့ဘူးဆိုရင် ပြိုင်ဘက်က ကျွန်တော်တို့ကို အပြစ်ပေးသွားနိုင်တဲ့အခြေအနေပါ။ ကြီးမားတဲ့နိုင်ပွဲပါ။ ဘယ်လောက်ခက်တဲ့ပွဲလဲဆိုတာ ကျွန်တော်တို့ပဲသိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို အီဘရီချီအီဇီက သွင်းယူပေးခဲ့တာဖြစ်ပြီး အင်္ဂလန်သားအနေနဲ့ အသင်းဟောင်းကို ပြန်လည်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ယခုအခါမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၄ မှတ်ဖြတ်ဦးဆောင်နေပြီဖြစ်ပေမယ့် အာတီတာကတော့ "အခုက အရမ်းစောပါသေးတယ်။ အောက်တိုဘာလပဲရှိပါသေးတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ အမြင့်ဆုံးကိုရောက်ရှိနေပေပေမယ့် ပိုကောင်းအောင်လုပ်ရမယ့်အရာတွေ ရှိနေပါသေးတယ်။ ဗုဒ္ဓဟူးနေ့အမီ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးကို ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ရပြီး အာတီတာက "သူတို့ရှုံးတယ်ဆိုတာ ဒီပြိုင်ပွဲဘယ်လောက်ခက်တယ်ဆိုတာကိုပြလိုက်တာပါပဲ။ ကျွန်တော်တို့ကစားသမားတွေက ပွဲကစားချိန်မှာ ဖုန်းအသုံးပြုခွင့်မပေးထားလို့ မန်စီးတီးပွဲရဲ့ရလဒ်ကို မသိကြပါဘူး။ အသင်းက အခုချိန်မှာ တသမတ်တည်းဖြစ်တဲ့အခြေအနေကို ထိန်းသိမ်းထားနိုင်ပါပြီ။ အခြားအသင်းမှာဘာတွေဖြစ်နေလဲ ကျွန်တော်တို့မသိချင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အီဇီနဲ့ပတ်သက်ပြီးတော့လည်း အာတီတာက "ဒီပွဲမစခင်မှာ သူအတော်လေး သက်တောင့်သက်သာဖြစ်ပါတယ်။ အသင်းဟောင်းနဲ့ပြန်ကစားရပေမယ့် ပုံမှန်အတိုင်းပဲကစားခဲ့ပြီး တည်ငြိမ်မှု ကိုပြသခဲ့ပါတယ်။ ဒီလိုမျိုးတည်ငြိမ်တဲ့အသင်းကို စုဖွဲ့နိုင်ဖို့က ကျွန်တော်တို့လိုအပ်နေတဲ့အရာပါ" လို့ပြောကြားခဲ့ပါတယ်။