
မန်စီးတီးနဲ့ပွဲမှာ မာဒူကီကို ပထမပိုင်းအပြီး ဘာကြောင့်လူစားလဲခဲ့သလဲ ရှင်းပြလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက တနင်္ဂနွေနေ့ညက မန်စီးတီးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့တောင်ပံကစားသမား နိုနီမာဒူကီကို ပထမပိုင်းပွဲကစားချိန်အပြီးမှာပဲ လူစားလဲခဲ့ပြီး ယခုအခါမှာတော့ ဘာကြောင့်ခြေစွမ်းပြနေတဲ့ကစားသမားကို လူစားလဲခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
မာဒူကီဟာ မကြာသေးမီရက်သတ္တပတ်တွေအတွင်း အာဆင်နယ်ရဲ့တိုက်စစ်မှာ အသားကျလာပြီး ပုံစံကောင်းတွေ တောက်လျှောက်ပြသနေပေမယ့် မန်စီးတီးနဲ့ပွဲစဉ်မှာတော့ ပထမပိုင်းပြီးတဲ့အထိသာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။အင်္ဂလန်သားဟာ ဒုတိယပိုင်းအစမှာ အသင်းဖော် ဘူကာယိုဆာကာနဲ့ လူစားလဲခံခဲ့ရပါတယ်။
မာဒူကီအနေနဲ့ ယခုပွဲစဉ်မှာလည်း မန်စီးတီးရဲ့နောက်တန်းကို အတော်လေးအလုပ်ရှုပ်စေခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုတွေပါပြုလုပ်ခဲ့ပေမယ့် ဒွန်နာရမ်မာကိုမကျော်နိုင်ခဲ့ပါဘူး။ မန်စီးတီးနောက်တန်းကို တရစပ်ဖိအားပေးနေတဲ့ မာဒူကီကိုထုတ်ပယ်ခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေအံ့အားသင့်ခဲ့ကြပေမယ့် ယခုအခါမှာ စပိန်သားနည်းပြက အကြောင်းပြချက်ကိုရှင်းပြလာခဲ့ပါတယ်။
မာဒူကီကိုထုတ်ပယ်ခဲ့ခြင်းမှာ နည်းစနစ်အရဆုံးဖြတ်ချက်ကြောင့်လားလို့ မေးမြန်းခဲ့ရာ အာတီတာက "မဟုတ်ပါဘူး။ သူက ဒီပွဲအစမှာကတည်းက ဒဏ်ရာပြဿနာရှိနေခဲ့ပြီး ဆက်ကစားဖို့ လုံလောက်တဲ့အခြေအနေမရှိခဲ့လို့ပါ" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ အာတီတာရဲ့ပြောကြားချက်အရ မာဒူကီရဲ့ဒဏ်ရာဟာ ပြင်းထန်ပုံမရတာကြောင့် အင်္ဂလန်သားဟာ အာဆင်နယ်ရဲ့လာမယ့်ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားသွားနိုင်ချေရှိပါတယ်။
မာဒူကီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးမှ အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးမှာ ခြေစွမ်းမပြခဲ့သမျှ အာဆင်နယ်မှာတော့ ထိပ်တန်းခြေစွမ်းတွေပြသနေပြီး ပွဲထွက်ခွင့်တွေပါ ရရှိနေတာဖြစ်ပါတယ်။ ယခုမန်စီးတီးနဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် အဖိုးတန်ချေပဂိုးကိုတော့ ပွဲပြီးကာနီးမှ လူးစားလဲဝင်ရောက်လာခဲ့တဲ့ တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် ပေါ့ဗေးလ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။