
အာဆင်နယ်ပစ်မှတ် ဆက်စ်ခိုရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ သတ်မှတ်ထားတဲ့ လိုက်ပ်ဇစ်
လိုက်ပ်ဇစ်ဟာ အာဆင်နယ်ကပစ်မှတ်ထားနေတဲ့ အသင်းရဲ့တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ခိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိသတ်မှတ်ထားကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပြီး အာဆင်နယ်အနေနဲ့ အဆိုပါတန်ကြေးကို ပေးချေသွားဖို့အလားအလာမရှိဘူးလို့သိရပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ထိပ်တန်းဗဟိုတိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ပစ်မှတ်ထားနေပေမယ့် ဆွီဒင်သားက အင်္ဂလန်သို့ပြောင်းရွှေ့ဖို့ ခက်ခဲနိုင်ကြောင်း ပြောကြားထားပါတယ်။
ဒါကြောင့် အာတီတာရဲ့အသင်းဟာ ဆက်စ်ခိုကို အဓိကပစ်မှတ်အဖြစ် စောင့်ကြည့်နေခဲ့ပြီး ကမ်းလှမ်းမှုစတင်ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဂျာမနီအခြေစိုက် Sky Sports သတင်းဌာနရဲ့အဆိုအရတော့ လိုက်ပ်ဇစ်ဟာ အသက်-၂၂ နှစ်အရွယ်ကစားသမားအတွက် ယူရိုသန်း ၈၀ မှ ၁၀၀ အကြား သတ်မှတ်ထားတာကြောင့် အာဆင်နယ်အနေနဲ့ အဆိုပါငွေကြေးပမာဏကိုတော့ ပေးချေသွားဖို့မရှိဘူးလို့သိရပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ ကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေလည်း မရရှိသေးဘူးလို့သတင်းတွေက ဖော်ပြထားပါတယ်။ ဆက်စ်ခိုအနေနဲ့ အာဆင်နယ်သို့ပြောင်းရွှေ့ပါက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရမှာဖြစ်ပေမယ့် အပြောင်းအရွှေ့အတွက် တွန်းအားပေးလုပ်ဆောင်နေခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက အာဆင်နယ်ဟာ ကစားသမားကိုခေါ်ယူဖို့ လိုက်ပ်ဇစ်ကို စတင်ချိတ်ဆက်ခဲ့တာကြောင့် ယခုနွေရာသီမှာ သေချာပေါက်ခေါ်ယူနိုင်မယ်လို့ယူဆခဲ့ပေမယ့် လိုက်ပ်ဇစ်က အခုလိုပဲ သူတို့ရဲ့ကစားသမားကို တန်ကြေးမြှင့်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဆက်စ်ခိုတစ်ယောက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၅ သန်းနဲ့ လိုက်ပ်ဇစ်မှထွက်ခွာဖို့နီးစပ်ခဲ့ပေမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက်မှာတော့ စာချုပ်ဖျက်သိမ်းကြေးကိုပါ ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ ဂျိုကာရက်စ်ကိုခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် စပို့တင်းဘက်က ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို လျှော့ပေးဖို့အစီအစဉ်မရှိဘူးလို့သိရပါတယ်။
ဂျိုကာရက်စ်ရဲ့အေးဂျင့်ဟာဆန်ဆီတင်ကာယာက ကစားသမားကို ယူရိုသန်း ၆၀ နဲ့ဝယ်ယူနိုင်ကြောင်း ပြောကြားထားခဲ့ပြီး စပို့တင်းဥက္ကဌ ဖရက်ဒရစ်ကိုဗာရန်ဒက်စ်ကတော့ အဆိုပါဈေးနှုန်းနဲ့ ဆွီဒင်သားကို ရောင်းချမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ အာဆင်နယ်အားကစားဒါရိုက်တာ အန်ဒရီဘာတာဟာ စပို့တင်းသို့သွားရောက်ပြီး ဂျိုကာရက်စ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ဂျိုကာရက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း+အပိုဆုကြေး ၁၀ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် စပို့တင်းဘက်က ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုမျိုး အလိုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာတော့ အာဆင်နယ်ဟာ ဂျိုကာရက်စ်ကိုခေါ်ယူဖို့ လုပ်ဆောင်နေမှုတွေကို ရပ်တန့်ထားတယ်လို့သိရပါတယ်။