
အာဆင်နယ်အတွက် အရေးပါတဲ့သွင်းဂိုးတွေရယူပေးနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြောင်း ဖွင့်ဟလာတဲ့ မာတင်နယ်လီ
တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အတွက် အဖိုးတန်ချေပဂိုးကို လူစားလဲဝင်ရောက်ပြီး ပွဲပြီးကာနီးမှ သွင်းယူပေးခဲ့တဲ တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီက သူ့အနေနဲ့ အခုလိုသွင်းဂိုးတွေရရှိဖို့ စွန့်လွှတ်အနစ်နာခံမှုတွေပြုလုပ်ခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မာတင်နယ်လီဟာ မန်စီးတီးနဲ့ပွဲစဉ်မှာသာမက အဆိုပါပွဲစဉ်မတိုင်မီ ကြားရက်က ဘီလ်ဘာအိုကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အာဆင်နယ်အတွက်အရေးပါတဲ့အဖွင့်ဂိုးကို လူစားဝင်ကစားသမားအဖြစ် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဘရာဇီးလက်ရွေးစင်က "ဂိုးတွေသွင်းနိုင်တာက သေချာပေါက် ကောင်းမွန်တဲ့ခံစားချက်ကို ရရှိစေပါတယ်။ ဒီလိုဂိုးတွေသွင်းနိုင်ဖို့ ကျွန်တော်ပင်ပင်ပန်းပန်းကြိုးစားခဲ့ရပါတယ်။ အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ စွန့်လွှတ်အနစ်နာခံပြီး ကျွန်တော်တတ်နိုင်သလောက် ပေးဆပ်ခဲ့ပါတယ်။ ကျွန်တော် ဘယ်လောက်အလုပ်ကြိုးစားနေသလဲဆိုတာကို ကျွန်တော့်မိသားစု၊ ကျွန်တော့်ဇနီးနဲ့ ဘုရားအသိဆုံးပါ။ ကျွန်တော် ဒီထက်တိုးတက်ဖို့ကျန်နေသေးတယ်ဆိုတာ သိပါတယ်။ ချန်ပီယံလိဂ်မှာသွင်းခဲ့တဲ့ဂိုးအတွက်ရော၊ မန်စီးတီးနဲ့ပွဲက ဂိုးအတွက်ရောပါ ကျွန်တော်ပျော်ရွှင်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ တိုက်စစ်မှူး အာလင်းဟာလန်းရဲ့သွင်းဂိုးနဲ့ အာဆင်နယ်ကို စောစောစီးစီးဦးဆောင်ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ကြိုးစားခဲ့ပေမယ့် မာတင်နယ်လီရဲ့ တိကျတဲ့အဆုံးသတ်မှုကြောင့် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ဆက်လက်ပြီး မာတင်နယ်လီက "ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီက ဒွန်နာရမ်မာနဲ့ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး သူ့ရဲ့အကြောင်းကို နည်းနည်းသိခဲ့ရပါတယ်။ ဒီပွဲမှာလည်း သူကျွန်တော်တို့ဘက်က ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပြီး တစ်ဂိုးရဖို့ အတော်လေးခက်ခဲခဲ့ပါတယ်။ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်ပေမယ့် အနိုင်ရခဲ့ရင် ပိုပြီးတော့ပျော်စရာကောင်းမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း မာတင်နယ်လီဟာ လူစားလဲဝင်ရောက်ပြီး ၃၆ စက္ကန့်အတွင်းမှာပဲ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနဲ့သရေကျခဲ့တာကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးကလီဗာပူးနဲ့ ၅ မှတ်အကွာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။