
အိုဒီဂတ်အတွက် အပေါင်းလက္ခဏာဆောင်တဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ ဖွင့်ဟလာတဲ့ အာတီတာ
ယမန်နေ့ညပိုင်း၊ ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ လူစားလဲလှယ်ခဲ့ရတဲ့ အိုဒီဂတ်နဲ့ပတ်သက်လို့ အာဆင်နယ်ပရိသတ်တွေကိုယ်တိုင်လည်း သတင်းကောင်းကြားရဖို့ မျှော်လင့်နေပါလိမ့်မယ်။
ဒါပေမဲ့ အာတီတာကတော့ Sky Sports နဲ့တွေ့ဆုံချိန်မှာ နော်ဝေသားရဲ့အခြေအနေနဲ့ပတ်သက်လို့ “ ပြိုင်ဘက်ကစားသမားနဲ့ အိုဒီဂတ်တို့ ဒူးချင်းတိုက်မိတဲ့ဖြစ်စဉ်ပါ။ အခုအချိန်မှာတော့ ကြည့်ရတာ သိပ်ပြီး အပေါင်းလက္ခဏာ မဆောင်ပါဘူး။
ချက်ချင်းဆိုသလိုပဲ အိုဒီဂတ်က မသက်မသာဖြစ်နေခဲ့ပါတယ်။ စကားပြောဆိုကြည့်လိုက်တော့လည်း သူကိုယ်တိုင် ဒီအခြေအနေအပေါ် အကောင်းမမြင်ပါဘူး။ သူ့ဆီမှာ ဒဏ်ရာပြဿနာတစ်ခု ရှိနေပါတယ်။ ဒီတော့ ဆရာဝန်တွေဆီမှ ဘာတွေကြားသိရမလဲဆိုတာပဲ စောင့်ကြည့်သွားကြတာပေါ့”လို့ ပြောပါတယ်။
အိုဒီဂတ်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်သုံးခုကို ပါဝင်ကစားခဲ့ပြီး အဲ့ဒီပွဲစဉ်သုံးခုလုံးမှာ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။ ယခင်ဖြစ်စဉ်တွေမှာတော့ သူက ပုခုံးဒဏ်ရာရရှိခဲ့တာပါ။
ဒါပေမဲ့ အခုလိုမသက်မသာဖြစ်နေချိန် အိုဒီဂတ်အတွက် ပွဲကစားချိန်ပေးဖို့ ဘယ်လိုစီမံမလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို အသင်းအတွက် ထည့်ဝင်ပေးဆပ်သွားဖို့ လိုလားနေပေမဲ့ အခုဘောလုံးရာသီအတွက် အရန်ခုံတန်းမှာ အင်အားကောင်းမွန်နေလို့ စွန့်စားမှုတစ်ခုခုပြုလုပ်ဖို့ အလောတကြီးမလိုအပ်နေပါဘူး။
ဒီနေရာမှာ ဒီကလန်ရိုက်စ်အတွက်လည်း ပြဿနာတစ်ခု ရှိနေပါတယ်။ ဒီကလန်ရိုက်စ်နဲ့ပတ်သက်လို့ အာတီတာက “ ကွင်းတွင်းမှထွက်ခွာခွင့်ရရှိဖို့ ကျွန်တော့်ဆီ သူတောင်းဆိုခဲ့တာကြောင့် အဆင်မပြေပါဘူး။ ဒါကြောင့် ခံစားရခက်ခဲတဲ့အခြေအနေတစ်ရပ် ဖြစ်ပါတယ်။
သူ့ရဲ့နောက်ကျောမှာ နာကျင်နေပြီး ဆက်မကစားနိုင်တော့ပါဘူး။ ဒါက ဒီကလန်ရိုက်စ်အတွက်ဆိုရင် အတော်လေးထူးခြားတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း လေ့လာအကဲဖြတ်ဖို့လိုအပ်ပြီး ဘယ်လိုအခြေအနေရှိမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။
လတ်တလောမှာတော့ အိုဒီဂတ်ရော၊ ဒီကလန်ရိုက်စ်ပါ သက်ဆိုင်ရာနိုင်ငံ့လက်ရွေးစင်အသင်းတွေဆီမှာ ပါဝင်ခွင့်ရရှိထားလို့ ပူးပေါင်းလာနိုင်ခြင်းရှိ၊မရှိ အကဲဖြတ်သွားရပါမယ်။