The network connection is lost.

Banner Image

တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့ပေမယ့် အသင်းဟာ အပြုသဘောဆောင်နေဆဲဖြစ်ကြောင်း အာတီတာအခိုင်အမာပြော

သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ တော့တင်ဟမ်ကို ၀-၁ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် အာဆင်နယ်နည်းပြ မီခေးလ်အာတီတာကတော့ အသင်းဟာ အပြုသဘောဆောင်နေပြီး ပုံစံကောင်းရရှိနေဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ အခွင့်အရေးတွေပိုမိုရရှိခဲ့သလို၊ ကစားသမားသစ် ဗစ်တာယော်ကရက်စ်ကိုလည်း လူစားဝင်ကစားသမားအဖြစ် စတင်အသုံးပြု နိုင်ခဲ့ပေမယ့် တော့တင်ဟမ်ကိုဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဟောင်ကောင်မြေမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ကွင်းလယ်လူ ပါပေဆားက အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာရှေ့တက်နေတာကို အခွင့်ကောင်းယူပြီး အဝေးကန်ချက်နဲ့ လှလှပပကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အာတီတာက "ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ရည်ရွယ်ချက်တွေရှိပြီးသားပါ။ တိုးတက်မှု ကိုဆက်လက်ထိန်းသိမ်းပြီး ပြင်ဆင်မှုတွေကို အမြင့်ဆုံးလုပ်ဆောင်နေပါတယ်။ ဒီနောက်ဆုံးခြေစမ်းပွဲ ၃ ပွဲမှာ ကျွန်တော်တို့ အမြင့်ဆုံးခြေစွမ်းနဲ့ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့လိုချင်တဲ့ ရလဒ်မျိုးမရခဲ့ဘဲ ခက်ခဲခဲ့တယ်ဆိုပေမယ့် အသင်းအတွက်အပြုသဘောဆောင်တဲ့အရာတွေ အများကြီးမြင်တွေ့ခဲ့ရပါတယ်"

"ဒီနေ့ပွဲမှာ ကျွန်တော်တို့မတူညီတဲ့အရာတွေကို လိုချင်နေခဲ့ကြောင်း ပြသခဲ့နိုင်လို့ အသင်းရဲ့ကစားပုံကြည့်ပြီး ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ဒါပေမယ့် အချို့အခိုက်အတန့်တွေမှာတော့ လွဲချော်မှုအချို့ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကစာသမားတွေရဲ့ တစ်ဦးချင်းစီရဲ့စွမ်းဆောင်ရည်ကို ဒီထပ်ပိုပြီးတိုးတက်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာတီတာက ယခုရာသီကြိုခြေစမ်းခရီးစဉ်မှာ အသင်းရဲ့ကစားသမားတွေအားလုံး လိုက်ပါနိုင်ခဲ့လို့ ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။ စပိန်သားနည်းပြက "ကျွန်တော့်စိတ်ထဲမှာ အပြုသဘောဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အသင်းရဲ့လုပ်ဆောင်မှုတွေက ကျွန်တော့်ကို အများကြီးတွန်းအားပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်မျှော်လင့်ထားတဲ့ အပိုင်းတွေမှာ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ဒီညရလဒ်က ကျွန်တော်တို့အတွက် လိုချင်တဲ့ရလဒ်မျိုးမဟုတ်ပေမယ့် ကစားပုံကတော့ ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ လာမယ့် ခြေစမ်းပွဲစဉ် ၂ ပွဲအပြီးမှာတော့ ကျွန်တော်တို့ အိုးလ်ထရက်ဖို့ဒ်ကိုသွားဖို့ အဆင်သင့်ဖြစ်နေမှာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။