
ဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲစဉ်ကို လွဲချော်မယ့် ရာဖင်ဟာနဲ့ ဂျိုအန်ဂါစီယာ
တောင်ပံကစားသမားရာဖင်ဟာနဲ့ ဂိုးသမားဂျိုအန်ဂါစီယာတို့နှစ်ဦးက ဒဏ်ရာပြဿနာကြောင့် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ပွဲစဉ်အများစုကိုလွဲချော်သွားဖို့ရှိနေလို့ ဘာစီလိုနာအတွက် ထိုးနှက်ချက်ကြီးတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အိုဗီဒိုကို အနိုင်ရရှိခဲ့တဲ့ စပိန်ချန်ပီယံတွေရဲ့ လာလီဂါပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာရရှိသွားတဲ့ ဘရာဇီးလက်ရွေးစင်ကစားသမားက သီတင်းပတ်သုံးပတ်ခန့် အနားယူရနိုင်တယ်လို့ ဘာစီလိုနာအသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
အလားတူ စပိန်ဂိုးသမားဂျိုအန်ဂါစီယာလည်း ဘယ်ဒူးဒဏ်ရာကြောင့် သီတင်းပတ်လေးပတ်မှ ခြောက်ပတ်အထိ ဘောလုံးကစားဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ ဂါစီယာအနားယူနေရချိန် ဘာစီလိုနာအသင်းဂိုးပေါက်ကို ပိုလန်ဝါရင့်ဂိုးသမားဆက်ဇ်နီ တာဝန်ယူသွားဖို့ရှိသလို တာစတီဂန်လည်း ကျောဒဏ်ရာခွဲစိတ်ကုသမှုမှ ပြန်သက်သာလာပါပြီ။ အောက်တိုဘာ ၂၆ ရက်၊ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ရာဖင်ဟာပြန်ကစားနိုင်မယ်လို့ ခန့်မှန်းရပေမဲ့ ဂါစီယာကတော့ ဒူးဒဏ်ရာလုံးဝသက်သာမှသာ အသင်းနဲ့ ပြန်ပူးပေါင်းနိုင်ပါလိမ့်မယ်။
ဘာစီလိုနာက ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေခဲ့တဲ့ တောင်ပံကစားသမားယာမယ်လ်ကို လာမယ့်တနင်္ဂနွေနေ့၊ ဆိုစီဒက်နဲ့ပွဲစဉ်မှာ ပွဲကစားချိန်ပေးဖို့ စီစဉ်ထားပါတယ်။ ဆယ်ကျော်သက်ကြယ်ပွင့်ကိုယ်တိုင်လည်း အင်စတာဂရမ်မှတဆင့် သူ့ရဲ့ဒဏ်ရာပြန်သက်သာလာပြီဆိုတဲ့ သတင်းစကားကို ဝေမျှခဲ့ပါတယ်။ ဘာစီလိုနာက လာလီဂါပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ နှစ်မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာတော့ နယူးကာဆယ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။