The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလားအလာရှိကြောင်းပြောကြားလာတဲ့ ဒီဂျောင်

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်က သူဟာ ယခုနွေရာသီအတွင်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အလားအလာရှိနေကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာသို့ ၂၀၁၉ ခုနှစ်မှာ စတင်ရောက်ရှိလာသူဖြစ်ပြီး ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏကြုံတွေ့ခဲ့ရတာကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် နယ်သာလန်လက်ရွေးစင်ဟာ ဘာစီလိုနာမှထွက်ခွာပြီး အသင်းသစ်နဲ့ချိတ်ဆက်တော့မယ်လို့ ရာသီတိုင်းလိုလိုမှာ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ နည်းပြဟန်ဆီဖလစ်ရဲ့ဦးဆောင်မှုနဲ့အတူ ဘာစီလိုနာဟာ အောင်မြင်မှုလမ်းကြောင်းပေါ်ပြန်လည်ရရှိလာခဲ့တာကြောင့် ဒီဂျောင်တစ်ယောက် အသင်းမှာဆက်လက်နေထိုင်ဖို့ စိတ်အားထက်သန်နေပုံရပါတယ်။ယခင်က အေဂျက်စ်နဲ့အတူ ကမ္ဘာ့အလားအလာအရှိဆုံးကွင်းလယ်လူအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နယ်သာလန်သားဟာ ယခုအခါမှာ ပုံမှန်ခြေစွမ်းကိုပြန်လည်ရရှိနေပြီး ကြံ့ခိုင်မှုအခြေအနေလည်း ကောင်းမွန်နေတာဖြစ်ပါတယ်။ 

ယခုနွေရာသီအတွင်း ဘာတွေဖြစ်လာနိုင်မလဲလို့မေးမြန်းခဲ့ရာ ဒီဂျောင်က "ကျွန်တော် ဘာစီလိုနာနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒါကို ၁၀၀ ရာခိုင်နှုန်းအတိအကျတော့မပြောနိုင်သေးပါဘူး။ တကယ်လို့ သူတို့ကကျွန်တော့်ကိုအလိုရှိပြီး ကျွန်တော်ကလည်း ဆက်နေချင်ရင် သက်တမ်းတိုးသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ ဒီဂျောင်ဟာ ဘာစီလိုနာမှာဆက်လက်နေထိုင်ပါက လက်ရှိရနေတဲ့ လုပ်ခလစာကို လျှော့ယူသွားရမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ‌တော့ ကစားသမားက "အဲဒီအကြောင်းကိုတော့ ကျွန်တော် ဘာမှမပြောနိုင်သေးပါဘူး။လောလောဆယ်မှာ အဲဒီအကြောင်းကို မပြောချင်ပါဘူး။ ကျွန်တော်ကအခု နယ်သာလန်အသင်းမှာဆိုတော့ ဒီအသင်းအတွက်ပဲအာရုံစိုက်ထားပါတယ်" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ဖင်လန်နဲ့ယှဉ်ပြိုင်ခဲ့ရပြီး ၀-၂ ဆိုတဲ့ အနိုင်ရလဒ်ကိုပုံဖော်နိုင်ခဲ့ပါတယ်။ လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာတော့ နယ်သာလန်ဟာ နောက်ထပ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် မော်လ်တာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ဆက်လက်ပုံဖော်သွားနိုင်မလားစောင့်ကြည့်ရပါမယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ ဒီဂျောင်ဟာ ဘာစီလိုနာသို့ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး နောက်လထဲမှာ စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေပြုလုပ်သွားဖွယ်ရှိပါတယ်။