The network connection is lost.

Banner Image

ဘီလ်ဘာအိုစတားကို ၆ နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာ

သတင်းတွေအရ ဘာစီလိုနာဟာ ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံကို ၆ နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာဟာ ဝီလီယံကို ၆ နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ဖို့ အကြိုသဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

စပိန်သားဟာ ဘာစီလိုနာမှာ နိုင်ငံအသင်းဖော် ယာမဲလ်နဲ့အတူ တွဲဖက်ကစားခွင့်ရမှာဖြစ်ပြီး စပိန်အသင်းမှာလည်း ဘယ်ညာတောင်ပံမှာ ကစားခဲ့ကြတာဖြစ်ပါတယ်။ ဖလစ်ကတော့ တိုက်စစ်ပိုင်းအစီအစဉ်ကို သေချာလေးလုပ်ဆောင်နေပြီး ဝီလီယံဟာ ဘာစီလိုနာမှာ တစ်နှစ်လုပ်ခပေါင် ၁၀ သန်းရရှိမှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဝီလီယံကို လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့ပေမယ့် ဘဏ္ဍာရေးအခြေအနေကြောင့် အိုလ်မိုကို အဓိကခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ ဝီလီယံရဲ့ဆုံးဖြတ်ချက်ကို သဘောကျနေပါတယ်။ အသင်း နဲ့ ဝီလီယံရဲ့ကိုယ်စားလှယ်တွေကြား အကြိမ်ပေါင်းများစွာဆွေးနွေးခဲ့ပြီးနောက် မကြာခင်မှာ သဘောတူညီမှုရရှိဖွယ်ရှိနေပါတယ်။ ဘီလ်ဘာအိုဘက်ကတော့ သူတို့စတားအတွက် ယူရိုသန်း ၆၀ လောက်တောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဝီလီယံဟာ လွန်ခဲ့ဲတဲ့ ၂ ရာသီကတည်းက တိုးတက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါ ၂၉ ပွဲမှာ ၅ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာစွမ်းဆောင်ခဲ့တဲ့ခြေစွမ်းကြောင့် ဝီလီယံဟာ ယူရိုပါလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းလူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဝီလီယံကို ဘာစီလိုနာအပြင် ဥရောပထိပ်တန်းအသင်းတော်တော်များများက စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီတစ်လျှောက်လုံး ဝီလီယံကို စောင့်ကြည့်ခဲ့သလို အာဆင်နယ်ကလည်း အသည်းအသန်စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က စပိန်မြေပြင်ပကိုမထွက်ချင်တာကြောင့် ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့ပြီး ယာမဲလ်နဲ့အတူ တွဲဖက်ကစားဂရတော့မှာဖြစ်ပါတယ်။