
ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုပြုလုပ်မှာမဟုတ်တဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ အသင်းရဲ့ဘဏ္ဍာရေးပြဿနာတွေကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူသွားမှာမဟုတ်ကြောင်း ကလပ်ဥက္ကဌ ဂျိုအန်လာပေါ်တာက အတည်ပြုပြောကြားလာခဲ့ပါတယ်။ ယခုရာသီအတွင်း အသင်းရဲ့ကွင်းလယ်လူ ဂါဗီက ကာလရှည်ဒဏ်ရာပြဿနာကြုံတွေ့နေရတာကြောင့် ဘာစီလိုနာအနေနဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားသစ်ခေါ်ယူပြီး အင်အားဖြည့်တင်းဖို့လိုအပ်နေပေမယ့် ဘဏ္ဍာရေးပိုင်းမှာ ရုန်းကန်နေရတာကြောင့် လက်ရှိကစားသမားတွေနဲ့ပဲ ရာသီကုန်အထိ ကစားသွားရဖို့ရှိနေပါတယ်။
ဘာစီလိုနာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ အသင်းအတွက်အရေးပါတဲ့ကစားသမားတွေကိုသာ ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ အဓိကကြိုးစားသွားမှာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။ လက်ရှိဘာစီလိုနာနဲ့ သက်တမ်းတိုးမြှင့်ဖို့အလားအလာရှိနေတဲ့ကစားသမားတွေထဲမှာ လာမိုင်းယာမယ်လ်၊ ပီဒရီ၊ ရာဖင်ဟာ၊ ဂျူးလက်စ်ကွန်ဒီ၊ ဂါဗီ၊ ရိုနယ်လ်အရူဂျို၊ ပေါကူဘာစီ၊ ဖရန်ကီဒီဂျောင်နဲ့ ဂျာရတ်မာတင်တို့ပါဝင်နေပါတယ်။ လောလောဆယ်မှာတော့ ဘာစီလိုနာဟာ အဲရစ်ဂါစီယာနဲ့ ဖာရန်းတောရက်စ်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ ဘဏ္ဍာရေးအရ ရုန်းကန်ရမှုတွေရှိနေပေမယ့် လာမယ့်ဇန်နဝါရီမှာ အသင်းရဲ့အကယ်ဒမီထွက်ကြယ်ပွင့်ကစားသမားတွေကို ရောင်းချဖို့တော့ ဆုံးဖြတ်မှာမဟုတ်ဘူးလို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ဖာမင်လိုပက်ဇ်ကလည်း သူ့အနေနဲ့ ဘာစီလိုနာကနေထွက်ခွာသွားဖို့ ဆန္ဒမရှိကြောင်း ပြောကြားထားတာကြောင့် အသင်းမှာဆက်လက်နေထိုင်သွားဖွယ်ရှိပါတယ်။ ဘာစီလိုနာအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါဖလားကိုဆွတ်ခူးပြီး အကောင်းဆုံးပုံစံကို ပြသထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ပိုင်းတည်ငြိမ်ဖို့ရုန်းကန်နေရပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေကာ ထိပ်ဆုံးကရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၂ မှတ်ကွာဟနေပါတယ်။
လာမယ့်လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာဟာ အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို ဆန်တီယာဂိုဘာနေဗျူးမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးနေရာကနေ ပြန်လည်ဦးဆောင်ဖို့ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။