အိုဆာဆူနာကိုအနိုင်ရပြီးနောက် အသင်းဖော်ပီဒရီကို ချီးကျူးပြောဆိုလာတဲ့ အဲရစ်ဂါစီယာ
စနေနေ့ကယှဉ်ပြိုင်ခဲ့တဲ့လာလီဂါပွဲစဉ်မှာ အိုဆာဆူနာကို ၂-၀ နဲ့သက်တောင့်သက်သာအနိုင်ရပြီးနောက် ဘာစီလိုနာကွင်းလယ်လူ အဲရစ်ဂါစီယာက အသင်းဖော် ကွင်းလယ်ကြယ်ပွင့် ပီဒရီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ စပေါ့တီဖိုင်းကမ့်နူးကွင်းကြီးထဲမှာယှဉ်ပြိုင်ခဲ့တဲ့ ယခုပွဲစဉ်မှာ ဘာစီလိုနာအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို တောင်ပံကစားသမား ရာဖင်ဟာက ဒုတိယပိုင်းမှာသွင်းယူပေးခဲ့ပြီး လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နိုင်စေခဲ့ပါတယ်။ ယခုအခါ ဘာစီလိုနာဟာ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၄ မှတ်အထိကွာဟနေတာကြောင့် နှစ်သစ်ကို ဇယားထိပ်ဆုံးကနေ ကြိုဆိုနိုင်ဖို့ သေချာစေခဲ့ပြီလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ အနိုင်ဂိုး ၂ ဂိုးစလုံးကိုသွင်းယူပေးခဲ့တဲ့ ရာဖင်ဟာက "ဒီလိုပွဲစဉ်တွေမှာအနိုင်ရတာက အသင်းအတွက်အရမ်းအရေးပါပြီး အမှတ်တွေစုဆောင်းဖို့အတွက် အခွင့်အရေးရစေပါတယ်။ အိုဆာဆူနာက ခံစစ်ကောင်းတဲ့အသင်းဖြစ်လို့ ကျွန်တော်တို့ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ကစားခဲ့ပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးရဖို့ခက်ခဲမယ်ဆိုတာလည်း ကျွန်တော်တို့သိထားခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကွင်းလယ်လူအဲရစ်ဂါစီယာက "အိုဆာဆူနာက အန့်ထရက်လိုအသင်းမျိုးပါ။ ပြိုင်ဘက်ကို အနီးကပ်ကစားပြီး တန်ပြန်တိုက်စစ်ကို အဓိကအသားပေးလေ့ရှိပါတယ်။ ပထမပိုင်းအတွင် ဘောလုံးဖြန့်ဝေတဲ့အပိုင်းမှာ လိုအပ်ချက်တွေရှိခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ နေရာလွတ်တွေရှာဖွေဖို့ခက်ခဲခဲ့ပေမယ့် နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြပါတယ်"
"ကျွန်တော်ကတော့ ကွင်းလယ်မှာ အခြေအနေတွေရှုပ်ထွေးလာခဲ့အခါ ပီဒရီကိုဘောလုံးပေးလိုက်တာပါပဲ။ သူက အရာအားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပွဲပြီးအင်တာဗျူးမှာ နောက်ခံလူ အလီဂျန်ဒရိုဘယ်လ်ဒီက ဂိုးသမား ဂျိုအန်ဂါစီယာကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဘယ်လ်ဒီက "သူတို့ခံစစ်က အတော်လေးမာကျောလို့ ကစားရအရမ်းခက်ခဲ့ပါတယ်။ ကျွန်တော်တို့နေရာလွတ်တွေသိပ်ရှာမတွေ့ခဲ့ပါဘူး။ ဂိုးသွင်းနိုင်ဖို့ခက်ခဲခဲ့ပေမယ့် စိတ်ရှည်ရှည်နဲ့ထိုးဖောက်ခဲ့ပြီး အဆုံးမှာ အဖြေရှာတွေ့ခဲ့ပါတယ်"
"ကျွန်တော်တို့ဂိုးသမား ဂျိုအန်ဂါစီယာက လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးပါ။ အသက်ငယ်သေးပေမယ့် အရွယ်နဲ့မလိုက်အောင် အရမ်းကောင်းပါတယ်။ သူက ကျွန်တော်တို့ကို အကူအညီတွေအများကြီးပေးနိုင်ပြီး အသင်းမှာသူရှိနေလို့ ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။