
အာဆင်နယ်ကိုကျော်ပြီး မန်စီးတီးကိုဘာကြောင့်ရွေးချယ်ရလဲဆိုတာကို ရှင်းပြလိုက်တဲ့ လူငယ်စတား
နော်ဝေလူငယ်စတား နီပန်ကတော့ သူ့အနေနဲ့ အာဆင်နယ်ကိုကျော်ဖြတ်ပြီး မန်စီးတီးကို ရွေးချယ်လိုက်တာဟာ ဂွါဒီယိုလာက အဓိကကျခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ရိုဆန်ဘော့ဂျ်အသင်းမှာပြသနေတဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် နီပန်ကို ပရီးမီးယားလိဂ်အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။
အာဆင်နယ်ကလည်း အဆိုပါအသင်းတွေထဲမှာပါဝင်နေတာဖြစ်ပြီး အိုဒီဂတ်အကူအညီ နဲ့ နီပန်ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို နွေရာသီမတိုင်ခင်အထိ စောင့်ဆိုင်းခဲ့ရပြီး အဆုံးသတ်မှာ အသက် ၁၈ နှစ်သားက မန်စီးတီးကိုသာ ရွေးချယ်ခဲ့ပါတယ်။ နီပန်တစ်ယောက် စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး လာမယ့်ရာသီသစ်မှာလည်း ဆက်လက်တိုးတက်နိုင်ဖို့ အငှားနဲ့ထွက်ခွာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်သက်စတားလေးကတော့ ဂွါဒီယိုလာလက်အောက်မှာ ကစားချင်တာကြောင့်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ကျွန်တော် စီးတီးထံပြောင်းလာရလို့ အရမ်းပျော်သလို ဂုဏ်လည်းယူမိပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ဆိုတာ ငယ်ရွယ်တဲ့ကစားသမားတိုင်းရဲ့အိပ်မက်ပါ။ ဒီအသင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတွေရှိနေပါတယ်။ကျွန်တော်ငယ်ရွယ်တာကြောင့် အများကြီးသင်ယူရဦးမှာဖြစ်သလို ဂွါဒီယိုလာနဲ့လည်း လက်တွဲခွင့်ရတော့မှာပါ။ သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်သလို ကျွန်တော်အကောင်းဆုံးကစားသမားဖြစ်လာအောင် ကူညီပေးနိုင်မယ့်သူပါ။
နော်ဝေ နဲ့ စီးတီးတို့ကြားမှာ ထူးခြားတဲ့ဆက်နွယ်မှုရှိသလို အသင်းမှာက ဟာလန်း ၊ အော်စကာဘော့ဘ်တို့လို နော်ဝေသားတွေရှိနေပါတယ်။ ကျွန်တော်က အခုစီးတီးကိုရောက်လာတဲ့ နောက်ဆုံးနော်ဝေသားဖြစ်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်”လို့ နီပန်က ဖြေကြားခဲ့ပါတယ်။ စီးတီးဟာ အခုနွေရာသီမှာ အလုပ်များနေပြီး ရီဂျန်ဒါ ၊ အစ်နိုရီ ၊ ချာကီ ၊ ဘက်တီနယ်လီ နဲ့ အခုနောက်ဆုံး နီပန်တို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။
“ဆာဗရီက အသင်းအတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့လူငယ်ကစားသမားတစ်ဦးပါ။ သူ့ကိုအချိန်တစ်ခုကြာစောင့်ကြည့်ခဲ့ပါတယ်။ သူ့အရည်အချင်းတွေကို မြင်ပြီးသားဖြစ်သလို အသက် ၁၈ နှစ်ပဲရှိသေးတာကြောင့် ဆက်လက်တိုးတက်လာဦးမှာပါ။ လာမယ့်နှစ်တွေမှာ သူကအသင်းအတွက် အရေးပါတဲ့သူဖြစ်လာနိုင်ပါတယ်။ သူ့တိုးတက်မှုအတွက် အသင်းဘက်ကလည်း အားလုံးပံ့ပိုးပေးနေမှာပါ”လို့ စီးတီးအားကစားဒါရိုက်တာ ဗီနာက ပြောကြားခဲ့ပါတယ်။