The network connection is lost.

Banner Image

ပါရာဂွေးကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားတဲ့ ဘရာဇီး

ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ဘရာဇီးက ပါရာဂွေးကို ၁-၀ နဲ့အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်ခဲ့သလို ဗင်နီဇွဲလားကို ၂ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဥရုဂွေးကလည်း ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။ 

ကမ္ဘာ့ဖလားကို ၅ ကြိမ်အထိဆွတ်ခူးထားတဲ့ ဘရာဇီးဟာ နည်းပြကြီး အန်ဆယ်လော့တီရဲ့ဦးဆောင်မှုနဲ့အတူ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ပူးတွဲကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဘရာဇီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ယူနိုက်တက်ရဲ့ကစားသမားသစ် မားသီးယက်စ်ကွန်ဟာရဲ့ပေးပို့မှုမှတစ်ဆင့် တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာက ပွဲကစားချိန် ၄၄ မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဥရုဂွေးကလည်း ဗင်နီဇွဲလားကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့  နောက်ထပ် ၁ မှတ်သာလိုအပ်တော့တာဖြစ်ပါတယ်။ ဗင်နီဇွဲလားကတော့ ယခုရှုံးပွဲကြောင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ လက်ကျန် ၂ ပွဲမှာ ရလဒ်ကောင်းတွေ မဖြစ်မနေဖော်ဆောင်သွားရတော့မှာဖြစ်ပါတယ်။ ဘရာဇီးဟာ ခြေစစ်ပွဲ ၁၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၅ မှတ်သာရရှိထားပြီး အုပ်စုရဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ထိပ်ဆုံးက ၆ သင်းကသာ နောက်တစ်ဆင့်ကို အလိုအလျောက်တက်ရောက်နိုင်မှာဖြစ်ပြီး အဆင့် ၇ နေရာကအသင်းကတော့ ပလေးအော့်ဖ်ပွဲစဉ်တွေ ထပ်မံကစားသွားရဦးမှာဖြစ်ပါတယ်။ 

ဘရာဇီးကို ရှုံးနိမ့်ခဲ့တဲ့ပါရာဂွေးကတော့ ရမှတ် ၂၄ မှတ်သာရရှိထားပေမယ့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ ရမှတ် ၁ မှတ်သာလိုအပ်နေတာဖြစ်ပါတယ်။ ပါရာဂွေးအနေနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင်တော့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ပြန်လည်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။  ပီရူးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အီကွေဒေါကလည်း ဘရာဇီးနဲ့ရမှတ်တူ အုပ်စုဒုတိယနေရာမှာရပ်တည်နေပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ ဘိုလီဗီးယားကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ချီလီကတော့ ၁၆ ပွဲအတွင်း ရမှတ် ၁၀ မှတ်သာရရှိခဲ့တာကြောင့် အုပ်စုရဲ့အောက်ဆုံးမှာရပ်တည်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပါတယ်။ ချီလီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက်လွဲချော်သွားမှာလည်းဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်တဲ့ လက်ရှိချန်ပီယံအာဂျင်တီးနားကတော့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာကြောင့် ကိုလံဘီယာကို ကစားသမား ၁၀ ယောက်တည်းနဲ့ယှဉ်ပြိုင်ခဲ့ရပေမယ့် ၁-၁ ဆိုတဲ့သရေရလဒ်ကိုတော့ ပုံဖော်နိုင်ခဲ့ပါတယ်။