The network connection is lost.

Banner Image

ယူနိုက်တက်ကသူ့ကို ဆော်ဒီသို့ပြောင်းရွှေ့စေချင်ခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဟာ သူ့ကိုအိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့စေချင်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း ဆော်ဒီကလပ် အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းဝန်းကျင်ရှိ စာချုပ်တစ်ခုနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပေါ်တူဂီသားကတော့ အဆိုပါကမ်းလှမ်းမှု ကို ငြင်းပယ်ကာ ယူနိုက်တက်မှာပဲ ဆက်လက်နေထိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာ ဖာနန်ဒက်စ်က "နွေရာသီအပြောင်းအရွှေ့မှာတုန်းက ကျွန်တော်ယူနိုက်တက်နေ ထွက်ခွာလုနီးပါးဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဆော်ဒီကိုပြောင်းရင် အခုထက်လည်းပိုပြီး ဝင်ငွေကောင်းနေမှာပါ။ လွန်ခဲ့တဲ့ ၂ ရာသီလောက်တုန်းကလည်း ယူနိုက်တက်နေပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ်။ ဘယ်ကိုလဲဆိုတာတော့ ကျွန်တော်မပြောတော့ပါဘူး။ ဒါပေမယ့် ပြောင်းခဲ့မယ်ဆိုရင် ကျွန်တော်ဆုဖလားတွေအများကြီးရနေမှာပါ"

"ဘာပဲဖြစ်ဖြစ် ကျွန်တော်ဒီမှာပဲဆက်နေဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါက မိသားစုနဲ့ပတ်သက်တဲ့အကြောင်းပြချက်တွေလည်း ပါပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီအသင်းကိုအရမ်းချစ်တာက အဓိကအကြောင်းပြချက်ပါ။ နွေရာသီတုန်းက အသင်းကနေထွက်ခွာဖို့ မန်နေဂျာနဲ့စကားပြောတော့ သူက ကျွန်တော်တို့ကို ဆက်နေစေချင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းဘက်က‌တော့ ကျွန်တော့်ကိုထွက်သွားစေချင်သလို ခံစားခဲ့ရပါတယ်။ ကျွန်တော်ထွက်သွားလည်း အသင်းအတွက်အဆိုးကြီးမဟုတ်ပါဘူးလို့ သူတို့ကသဘောထားခဲ့သလိုပါပဲ။ ကျွန်တော့်အတွက်တော့ အဲဒါက နာကျင်စရာပါ"

"ကျွန်တော်က အသင်းမှာ အမြဲတမ်းကစားနိုင်သလို၊ ကျွန်‌တော့်မှာရှိသမျှကိုလည်း ပေးဆပ်ကစားနေလို့ ဝေဖန်ခံရတာမျိုးသိပ်မရှိပါဘူး။ ဒီလိုအခြေအနေမှာ အသင်းက ကျွန်တော့်ကိုထွက်ခွာစေချင်တယ်ဆိုတော့ နည်းနည်းနာကျင်ခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဖာနန်ဒက်စ်က သူ့အနေနဲ့ နွေရာသီအတွင်း အယ်လ်ဟီလယ်အသင်းဥက္ကဌနဲ့ တိုက်ရိုက်ဆွေးနွေးခဲ့သေးကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်က "ကျွန်တော် ယူနိုက်တက်မှာ အစစအရာရာအဆင်ပြေပါတယ်။ အသင်းက ကျွန်တော့်ကို လစာကောင်းကောင်းပေးထားပါတယ်။ ဒါပေမယ့် ဆော်ဒီဘက်က ကမ်းလှမ်းချက်နဲ့ဆိုရင်တော့ အကွာကြီးပါ။ ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုကတော်တော်လေးကြီးမားပါတယ်။ ဒါပေမယ့် ကျွန်တော်လိုချင်တာ ပိုက်ဆံချည်းပဲမဟုတ်ပါဘူး"

"အခြားကစားသမားတွေလိုပဲ ကျွန်တော့်ကိုထွက်ခွင့်ပေး၊ လေ့ကျင့်ရေးတွေလည်းမလုပ်တော့ဘဲ ဟိုဘက်မှာ ပိုများတဲ့လစာနဲ့ဖြတ်သန်းတော့မယ်ဆိုပြီး အသင်းကနေထွက်ခွာသွားလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်အဲဒါမျိုးကို ဘယ်တော့မှမလုပ်ပါဘူး။ ဘယ်အသင်းအတွက်မဆို ကျွန်တော်က အစွမ်းကုန်ပေးဆပ်ကစားချင်တဲ့လူမျိုးပါ" 

"ဒါပေမယ့် ယူနိုက်တက်ဘက်က ကျွန်တော့်ကို မင်းက အသက်-၃၀ ရှိပြီ၊ ငါတို့မင်းကိုရောင်းပြီး ပိုက်ဆံရှာချင်တယ်၊ အသင်းရဲ့အနာဂတ်စီမံကိန်းတွေမှာ မင်းမပါတော့ဘူးလို့ပြောလာခဲ့ရင် ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အတွက်အကောင်းဆုံးဖြစ်မယ့်လမ်းကို ရှာဖွေပြီး ထွက်သွားပေးမှာပါ။ ဒါပေမယ့် အသင်းက ကျွန်တော့်ကိုဆက်လိုချင်နေပြီး နည်းပြကလည်း မထွက်ခွာဖို့ တိုက်တွန်းခဲ့လို့ ကျွန်တော်ဒီမှာဆက်ရှိနေတာပါ" လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၀၇ ပွဲကစား၊ ၁၀၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၉၃ ကြိမ်အထိပြုလုပ်ထားနိုင်တဲ့ ဖာနန်ဒက်စ်ဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးပြီး နောက်ထပ် ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်းရှိနေပါတယ်။