ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုတွေကို အသေးစိတ် ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ လာမယ့်ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားပါက ယူနိုက်တက်ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်မြောက်မှာဖြစ်ပြီး ပေါ်တူဂီသားဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်နောက်ပိုင်း အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ သတ်မှတ်ခံထားရကာ သွင်းဂိုး ၁၀၀ လည်းပြည့်မြောက်ထားသူလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားဟာ အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုတွေရရှိခဲ့ခြင်းနဲ့ပတ်သက်ပြီး "ကျွန်တော့်ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေထက် အသင်းအပေါ် ကျွန်တော့်ရဲ့ပေးဆပ်မှုတွေကိုပဲ လူတွေအသိအမှတ်ပြုတာကို လိုချင်ပါတယ်။ နွေရာသီတုန်းက အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုက လစာပမာဏအနေနဲ့ အတော်လေးကောင်းပါတယ်။ ကျွန်တော်သူတို့နဲ့ စကားပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ ဥရောပကလပ်တွေရဲ့ကမ်းလှမ်းမှုတွေလည်းရခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာကတော့ ဆော်ဒီကပါ"
"အသင်းရဲ့အကြီးအကဲတွေက ကျွန်တော့်ကို မသွားဖို့တော့ မတားကြပေမယ့် အသင်းမှာဆက်ရှိနေဖို့တော့ ဆန္ဒရှိကြပါတယ်။ ကျွန်တော်သာသွားချင်ခဲ့မယ်ဆိုရင် ကမ်းလှမ်းမှုက အရမ်းများလွန်းလို့ သူတို့က လက်လွှတ်ပေးကြမှာသေချာပါတယ်။ ကလပ်အနေနဲ့လည်း ကျွန်တော့်ကိုရောင်းချင်ခဲ့မယ်ဆိုရင် ကျွန်တော်ကလည်း ထွက်ခွာပေးသွားမှာပါ။ ဒါပေမယ့် အဲဒီလိုဖြစ်မလာခဲ့ဘဲ အသင်းရဲ့အနာဂတ်မှာ ကျွန်တော်က ဆက်ရှိနေတုန်းပါပဲ"
"ကျွန်တော့်ရဲ့မိသားစုကလည်း ဒီမှာနေရတာ ပျော်နေပြီး အသားကျနေပါပြီ။ ကျွန်တော့်အိမ်က ပေါ်တိုဖြစ်ပေမယ့် အခုဒီကိုရောက်နေတာ အိမ်ရောက်နေသလိုပဲ ခံစားရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတွေကို ဆွတ်ခူးထားနိုင်ပြီးဖြစ်ပေမယ့် ဒီထက်ပိုကောင်းတဲ့ဖလားတွေကို ဆွတ်ခူးနိုင်ဖို့ရည်ရွယ်ထားကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်လူက "ကျွန်တော့်ရဲ့ရည်မှန်းချက်က ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကိုဆွတ်ခူးနိုင်ဖို့ပါ။ ဒီဖလားတွေရဖို့ ဖြစ်နိုင်ချေရှိမရှိကိုတော့ ကျွန်တော်အခုချိန်မှာ မပြောနိုင်သေးပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး လိဂ် ၃ ပွဲဆက်တိုက်အနိုင်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။